မောင်တောတွင် ဒိုင်းနက် လူငယ်တဦး အသတ်ခံရ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ အောင်ဇံကျေးရွာနေ အသက် ၁၄ နှစ်အရွယ် ဒိုင်းနက် လူငယ်တဦး အောက်တိုဘာလ ၈ ရက် ညနေပိုင်းက အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
အသတ်ခံရသည့် လူငယ်မှာ မောင်ကာလာယာ (ခ) လှိုင်မင်းအောင် ဖြစ်ပြီး ခမောင်းဆိပ် ကျေးရွာမှ ၎င်းနေထိုင်ရာ ရွာသို့ အပြန်တွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က ဧရာဝတီကို ပြော သည်။
ဦးမြတ်ခိုင်က“မနေ့က ညနေပိုင်းလောက်မှာ သူတို့ ၄ ယောက် ခမောင်းဆိပ်ကို လာကြတယ်။ ၃ ယောက်က စောစော သွားကြတယ်။ သူက (သေဆုံးသူ) နောက်ကျမှ ပြန်သွားတာ။ ပြန်မလာလို့ လိုက်ရှာတော့ အလောင်းနဲ့ ဆိုင်ကယ်ကို လိုင်သည်ကျေးရွာ စာသင်ကျောင်း အနီး လမ်းဘေးမှာ တွေ့တယ်”ဟု ပြောပြသည်။
အသတ်ခံရသူ အပါအဝင် ရွာသား ၄ ဦးမှာ ယင်းနေ့ ညနေပိုင်းက ခမောင်းဆိပ်ရွာသို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ထွက် ခဲ့ခြင်း ဖြစ်ပြီး ကျန်သူများ ပြန်ရောက်ချိန်အထိ မောင်ကာလာယာ ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များက ဒေသခံ အာဏာပိုင်များသို့ တိုင်ကြားကာ ရှာဖွေမှု ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ရှာဖွေမှု ပြုလုပ်စဉ် ည ၈ နာရီခွဲ အချိန်တွင် ခမောင်းဆိပ်နှင့် အောင်ဇံကျေးရွာကြားရှိ လိုင်သည်ကျေးရွာ စာသင်ကျောင်းအလွန် လမ်းဘေးတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် မောင်ကာလာယာအား ၎င်းစီးနင်းသွားသည့် ဆိုင်ကယ်နှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးနေသည့် မောင်ကာလာယာအား စစ်ဆေးခဲ့ရာ ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာ ၂ ချက် နှင့် လည်ပင်းတွင် ဓားခုတ်ဒဏ်ရာ ၃ ချက်တို့ တွေ့ရပြီး ယင်းသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အောင်ဇူနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ ကျူးလွန်သူများအား ရှာဖွေလျက်ရှိသည်ဟု မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်က ပြောသည်။
မောင်တောဒေသခံများ လုံခြုံရေးနှင့် ပတ်သက်၍ လွှတ်တော်တွင်း ဆွေးနွေးမှုများရှိသော်လည်း သက်ဆိုင်ရာ အစိုးရ အဖွဲ့က လုံခြုံရေး အစီအမံများ လုပ်ဆောင်ထားကြောင်းသာ ဖြေလေ့ရှိသော်လည်း လက်တွေ့ အခြေအနေ နှင့်မူ ကွဲလွဲနေကြောင်း ဘူးသီးတောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုသည်။
ဦးအောင်သောင်းရွှေက“ကျနော်တို့ တိုင်းရင်းသားတွေ မလုံခြုံဘူးဆိုတာကို တင်ပြတိုင်း ဒေါက်တာ ဝင်းမြတ်အေးနဲ့ အစိုးရအဖွဲ့တို့က လုံခြုံရေး အစီအမံတွေ လုပ်ထားတယ်။ တပ်ဖွဲ့ဝင် အင်အား ဘယ်လောက် ချထားတယ်။ ဒါတွေပဲ ဖြေတယ်။ အောက်ခြေမှာ ဖြစ်ပျက်နေတာနဲ့ တခြားစီပဲ။ ဒီလိုပဲ မကြာခဏ သတ်ဖြတ်ခံနေရတာဟာ လုံခြုံမှု မရှိ အောင် တမင်တကာ ထားသလို ခံစားရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စက်တင်ဘာလ ၁၉ ရက်ကလည်း မောင်တောမြို့နယ် သစ်တုံးနားခွဆုံ ကျေးရွာတွင် နေထိုင်သူ အသက် ၄၀ အရွယ် ဦးဒူးလူးမှာ နွားကျောင်းနေစဉ် တောစပ်တနေရာ၌ အသတ်ခံရမှု ဖြစ်ပွားခဲ့သည်။
မောင်တော မြို့နယ်အတွင်းရှိ ဌာနေ တိုင်းရင်းသားများမှာ ရွာအနီးဝန်းကျင် များတွင် နေ့စဉ်လုပ်ငန်းများ အတွက် သွား ရောက်စဉ် မကြာခဏ ဆိုသလို သတ်ဖြတ်ခံရမှုများ ကြုံတွေ့နေရသော်လည်း ကျူးလွန်သူ တရားခံများအား အာဏာပိုင်များဘက်မှ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။