ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဝဲကြီးဒေသ အခြေစိုက်တပ်ရင်းတွင် လက်နက်ခဲယမ်းများ အလစ်အငိုက် ဝင်အလုခံခဲ့ရကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ပြောသည်။
ဖာပွန်ခရိုင် အတွင်းရှိ ABSDF တပ်ရင်း (၃) တွင် စက်တင်ဘာလ ၁၈ ရက်က ရုတ်တရက် ဝင်အလုခံခဲ့ရခြင်းဖြစ်ပြီး AK-47၊ M-16၊ M79 နှင့် ပစ္စတို အပါအဝင် သေနတ် အလတ် ၃၀ ကျော်နှင့် ခဲယမ်းမီးကျောက်များ ပါသွားကြောင်း ABSDF ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်၊ အတွင်းရေးမှူး ၁ လည်း ဖြစ်သူ ရဲဘော်မြင့်ဦးက ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဝင်လုခဲ့သူမှာ ABSDF ဗဟို စစ်ကော်မရှင် အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးခင်ကျော် ဖြစ်ပြီး ယခုနှစ် စက်တင်ဘာလ လလယ်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒေါင်းတမန်စခန်းတွင် ABSDF ၏ ၁၁ ကြိမ်မြောက် ညီလာခံ ပြုလုပ်ချိန်တွင် အခွင့်ကောင်းယူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဘော်မြင့်ဦး က “တပ်ရင်းမှူးတွေ၊ တပ်ရင်းမှာ တာဝန်ရှိတဲ့ အရာရှိ အချို့နဲ့ ရဲဘော်တွေ ညီလာခံလာတက်နေတဲ့ အချိန် တပ်ရင်းမှာ ရဲဘော်သိပ်မကျန်တဲ့ အချိန်မှာ ခင်ကျော်က တပ်စိတ် ၂ စိတ်လောက်နဲ့ ဝင်ယူသွားတာ”ဟု ဧရာဝတီသို့ ပြောသည်။
လက်နက်ခဲယမ်များ အလစ်အငိုက် ဝင်လုခံရမှုဖြစ်စဉ်တွင် သွေးထွက်သံယိုမှု မရှိခဲ့ကြောင်း သိရသည်။
ဦးခင်ကျော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတပ်ဖွဲ့ (UPDF) အမည်ဖြင့် အဖွဲ့ တည်ထောင်ရန် ကြိုးပမ်းမှု အပါအဝင် ပြစ်ချက် ၅ ချက်ဖြင့် ABSDF က ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကတည်းက ထုတ်ပယ်ထားသူတဦး ဖြစ်သည်။
ယင်းအချက်များထဲတွင် UPDF ဖွဲ့စည်းကာ အစိုးရနှင့် သီးခြား အပစ်ရပ်ရန် ကြိုးပမ်းမှု၊ ABSDF က ချမှတ်ထားသော လုပ်ငန်းစဉ်နှင့် စည်းကမ်းများကို မလိုက်နာမှု၊ အဖွဲ့အစည်းအတွင်း ပြိုကွဲစေရန် အားထုတ်မှုနှင့် ယင်းအချက် ၄ ချက်နှင့် ပတ်သက်၍ တွေ့ဆုံဖြေရင်းရန် အကြောင်းကြားခဲ့သော်လည်း လာရောက်ဖြေရှင်းခြင်း မရှိ၍ ABSDF က ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထုတ်ပယ်ထားမှုအား ကရင် အမျိုးအသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ်နှင့် ဖာပွန်ခရိုင် (မူးတြော်ခရိုင်) တို့ထံ အကြောင်းကြားခဲ့သော်လည်း KNU ဘက်မှ ပုဂ္ဂိုလ်ရေးအရ ဆိုကာ ဦးခင်ကျော်အား လက်ခံထားခဲ့ကြောင်း ABSDF ဘက်က ပြောသည်။
ဦးခင်ကျော်အား လက်ခံထားမှုနှင့် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ ABSDF တပ်ရင်း (၃) မှ လက်နက်ခဲယမ်းများ လုယူခံရမှုနှင့် ပတ်သက်ပြီး KNU အပေါ် ဝေဖန်မှုများ ရှိနေခဲ့သည်။ ယင်းနှင့် ပတ်သက်၍ KNU ခေါင်းဆောင်များထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အချိန်မအားလပ်၍ ဖြေကြားနိုင်ခြင်း မရှိသေးဟုသာ ပြန်လည် ဖြေကြားသည်။
ABSDF တပ်ရင်း (၃) သည် KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲတွင် ရှိပြီး လုယူခံထားရသည့် လက်နက်ခဲယမ်းများကို တပ်မဟာ (၅) ဘက်က ထိန်းသိမ်းထားသည်ဟု သတင်းရရှိထားကြောင်း ABSDF က ပြောသည်။
လက်နက်များ ပြန်လည်ရရှိရေးအတွက် ABSDF တပ်ရင်းမှူးများ၊ KNU စစ်ရုံးချုပ် တာဝန်ရှိသူများနှင့် တပ်မဟာ (၅) ခေါင်းဆောင်များ စက်တင်ဘာလ ၃၀ ရက်က တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပြီး အဆိုပါကိစ္စအတွက် ဆက်လက် တွေ့ဆုံဖြေရှင်းပေးမည်ဟု KNU က အကြောင်းကြားထားကြောင်း သိရသည်။
ABSDF သည် ၁၉၈၈ အရေးတော်ပုံအပြီး ပေါက်ဖွားလာသည့် ကျောင်းသားတပ်မတော်ဖြစ်ပြီး KNU၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ထိန်းချုပ် နယ်မြေများတွင် လှုပ်ရှားလျက် ရှိသည်။
လက်ရှိတွင် ABSDF သည် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့နှင့်အတူ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည်။