ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး တွင် အစမှ ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးမှ တွဲဖက်ခရိုင် တရားသူကြီး (၂)က “ရာဇဝတ် ကျင့်ထုံး ပုဒ်မ ၃၅၁ အရ သက်သေ တွေ ကို ပြန်ဆင့်ခေါ်ပြီး အစကနေ ပြန်စစ်ဆေးမယ်” ဟု ယနေ့ တရားခွင် အတွင်း ပြောဆိုသွားသည်။
ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က အောင်ရဲထွေး အမှုကို ရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို စွဲချက် မတင်ခင် လွှတ်သည့် အမိန့်ကို ပယ်ဖျက်ကာ မူလ ခရိုင်တရားရုံးက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေးရန် အမိန့် ချခဲ့ပြီး နောက် ယခုကဲ့သို့ ပြန်လည် စစ်ဆေးရန် စတင်ခြင်းလည်း ဖြစ်သည်။
အမှုမှ ပြန်လွှတ်ပေးခဲ့သည့် သံသယ တရားခံများ ဖြစ်သော သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇော တို့ကို ၎င်းတို့၏ မိသားစုဝင်များက စက်တင်ဘာ ၂၆ ရက်တွင် သုဝဏ္ဏ နယ်မြေ ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
ယင်းအမှုတွင် တရားလိုပြ သက်သေ ၂၂ ဦး ရှိသည့်အတွက် လာမည့် ရုံးချိန်းတွင် တိုင်တန်းသူ အပါအဝင် သက်သေ ၅ ဦး ထဲမှ ၃ ဦးကို စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ရုံးချိန်းကို အောက်တိုဘာလ ၁၆ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း တွဲဖက် ခရိုင် တရားသူကြီး(၂) က ပြောသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ အရှေ့ပိုင်း ခရိုင်တရားရုံးက တရားလိုပြ သက်သေ၂၂ ဦး အနက် ၁၄ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ပြီး မှုခင်း ဆရာဝန် အပါအဝင် တရားလိုပြ သက်သေ ၈ ဦးကို စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခု အခါ ယင်းသက်သေများကို အစကနေ ပြန်လည် စစ်ဆေးမည်ဟု ဆိုသည်။
စစ်ဆေးခဲ့သည့် သက်သေများထဲတွင် လူသတ် တရားခံ အဖြစ် စွပ်စွဲခံရသူ ၃ ဦး၊ The One Entertainment Park မှ လုံခြုံရေးနှင့် ဝန်ထမ်း ၆ ဦး၊ အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ တရားလို ကိုသန့်ဇင်ဦး၊ သေဆုံးသူ၏ ဖခင်နှင့် ချစ်သူ မိန်းကလေးတို့ ပါဝင်ကြောင်း သိရသည်။
ယခင် အောင်ရဲထွေးအမှုကို စစ်ဆေးသည့် ဒု ခရိုင် တရားသူကြီး ဦးအောင်ကြည်သည် ယင်းအမှု ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ် သက်၍ အဂတိ လိုက်စားမှုများ ရှိသည်ဆိုကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲ ခံထားရသည့် အတွက် တွဲဖက်ခရိုင် တရားသူကြီး(၂)က လွှဲပြောင်း စစ်ဆေးခြင်းလည်း ဖြစ်သည်။
၂၀၁၆ ခုနှစ်က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲထွေးသည်၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူး ပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက် နှင့် အာရုံကြောဌာနတွင် အရေးပေါ် ခွဲစိတ် ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှု ရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦးကို စွဲချက် မတင်ခင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ရုပ်သိမ်းခွင့် ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့်ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်း ဒေသကြီး ဥပဒေချုပ်ထံ ဇူလိုင် ၃၀ ရက်တွင် ညွှန်ကြားခဲ့သည်။
ထို့နေ့တွင်ပင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်ချက် လျှောက်ထားခဲ့ရာ ယင်း လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်၏ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုဖွင့် လက်ခံ ခဲ့ပြီးနောက် မူလ တရားရုံး၌ ပြန်လည် စစ်ဆေးရန် စက်တင်ဘာလ ၂၄ ရက်တွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
တဖက်တွင်လည်း အောင်ရဲထွေးအမှု ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု ရှိနေသည်ဆိုကာ တိုင်း ဥပဒေ ချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေး၊ ဒု ခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းရဲတပ်ဖွဲ့ ရွှေပေါက္ကံ နယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားရာ တိုင်းတရား လွှတ်တော်တွင် အမှု ရင်ဆိုင်ရလျက် ရှိသည်။
ဆက်စပ် ဖတ်ရှုရန်
- အောင်ရဲထွေးအမှု ဆက်လက်စစ်ဆေးရန် အမိန့်ချ
- ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေ၍ အောင်ရဲထွေး အမှု ပြင်ဆင်ချက် လျှောက်ထားဟုဆို