မန္တလေး ခရိုင် အတွင်း လုပ်ဆောင်ခဲ့သည့် သိမ်းငှက် စစ်ဆင်ရေး စီမံချက် ၃ လ ကာလ အတွင်း၌ မူးယစ် ဆေးဝါး အမှု ၁၅၈ မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောသည်။
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှုးကြီး မြင့်ဦးက“မူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီး တားဆီး နှိမ်နင်း ရေးနဲ့ ဖမ်းဆီးရေး အတွက် သတင်း ရယူတယ်။ သတင်း တည်ဆောက်ပြီးတော့ ဖမ်းဆီးရမိနိုင်အောင်လည်း ဆောင်ရွက် နေပါတယ်။ ဆက်လက်ပြီးတော့လည်း မှုခင်းတွေ လျော့နည်း ကျဆင်းအောင် အတွက် အရှိန်အဟုန် မြှင့်ပြီးတော့ တရား ဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာ အေးချမ်း တည်ငြိမ်ရေးတွေကို လုပ်ဆောင်သွားမှာပါ”ဟု ပြောပြသည်။
သိမ်းငှက် စစ်ဆင်ရေး စီမံချက်ကာလ အတွင်း၌ မူးယစ် ဆေးဝါးအမှု ၁၅၈ မှု အပါအဝင် မန္တလေး ခရိုင်အတွင်း တရား ဥပဒေ စိုးမိုးရေးနှင့် မှုခင်း ကျဆင်းရေး အတွက် ကြိုတင် ကာကွယ်မှု ၃၈၃၂ မှု၊ လက်နက်ပုန်း ၇၄ မှုနှင့် ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုပေါင်း၂၅၅ မှု ဖော်ထုတ်၍ တရားခံ ၄၆၈၅ ဦး ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
မန္တလေးမြို့၌ ခိုးမှု၊ ဆိုးသွမ်း သောင်းကျန်းမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်(ခိုး၊ ဆိုး၊ လု၊ နှိုက်) စသည့် အမှုများ လျော့နည်း ကျ ဆင်းရေးနှင့် မူးယစ်ဆေးဝါး အမှုများ ပပျောက် လျော့နည်း ကျဆင်းရေး ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်း အစိုးရ အဖွဲ့၊ မြန်မာနိုင်ငံ ရဲချုပ်၏ လမ်းညွှန်ချက် တို့နှင့် ဒုရဲချုပ် မျိုးဆွေဝင်းက အနီးကပ် ကွပ်ကဲ၍ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိမ်းငှက် စစ်ဆင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ မြို့က အခြား မြို့တော်တွေလို မဟုတ်ဘဲ ဆိုင်ကယ်တွေ အများအပြား အသုံးပြုနေတဲ့ အတွက်ကြောင့် မှုခင်းတွေ အလွယ်တကူ ဖြစ်ပွားတာမျိုးတွေ ရှိပါတယ်။ စီမံချက် ကာလ ပြီးဆုံးသွားပြီ ဖြစ်လည်း ကျန်တဲ့ ကာလတွေ မှာလည်း သိမ်းငှက် စစ်ဆင်ရေး အတိုင်း အရှိန်အဟုန် မြှင့်ပြီးတော့ မန္တလေးမြို့လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေ၊ လက်နက်ကိုင် ရမ်းကားမှုတွေ လျော့နည်း ပပျောက်သွားအောင် အထိ ဆောင်ရွက်သွားပါ မယ်”ဟု ရဲမှူးကြီး မြင့်ဦး က ဆိုသည်။
သိမ်းငှက် စီမံချက်ကို မန္တလေးတိုင်း ဒေသကြီးအတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းဖြစ်ပွားမှု လျော့ကျရေးအတွက် ဇွန်လ၂၅ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ ရက် ၉၀ ကြာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင် ခရိုင် ရဲတပ်ဖွဲ့များ၊ ရဲတပ်ရင်း ၁၄၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ၄ မှ တပ်ဖွဲ့ ဝင် ၁၂၇၂ ဦးနှင့် မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲမှူးကြီး ဒု ရဲမှုးကြီး မျိုးအောင်က“စီမံချက် ကာလမှာ မူးယစ်ဆေးဝါး အမှုက ထူးထူး ခြားခြား အမှု အရေအတွက် များများနဲ့ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ နာမည်ဆိုး၊ ကျော်ကြားနေတဲ့ ကျောက်သပိတ် တာရိုး၊ ဇီးအုပ် နယ်မြေတွေကို အပြတ် ရှင်းလင်း နိုင်ခဲ့ပါတယ်။ ဒီနယ်မြေတွေကိုလည်း ထိန်းသိမ်းနိုင် အောင် အင်နဲ့ အားနဲ့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
သိမ်းငှက် စီမံချက် ပြီးဆုံးသွားသော်လည်း ရပ်နားမည်မဟုတ်ဘဲ စီမံချက်အတွင်း အသုံးပြုခဲ့သည့် ရပ်ကင်း ၅၀ နေရာ တွင် ရဲကင်း (Police Box) များ တည်ဆောက်၍ မန္တလေးမြို့၏ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်း များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “သိမ်းငှက် စစ်ဆင်ရေး ဆက်လုပ်ပါမယ်။ ဒါပေမယ့် သိမ်းငှက် စစ်ဆင်ရေး ခေါင်းစဉ် မဟုတ်ပါဘူး။ သိမ်းငှက် စစ်ဆင်ရေးက လူအင်အားသုံး ရပါတယ်။ အင်အား သုံးတဲ့အတွက် ရဲ ကွပ်ကဲမှု တပ်ဖွဲ့က အကူအညီ ပေးရပါတယ်။ ဒီအတွက် လိုအပ်တဲ့ ရဲတပ်ဖွဲ့ကို တတ်နိုင်သမျှ ထပ်မံပြီးတော့ စုစည်း ထားတာ ရှိပါတယ်”ဟု ပြောသည်။
မန္တလေး မြို့ လုံခြုံရေး အတွက် ယခင်က သက်ဆိုင်ရာ နယ်မြေ အလိုက် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လှုပ်ရှား ရဲကင်း ၇၁ နေရာ၌ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဆောင်ရွက်ခဲ့ပြီး သိမ်းငှက် စီမံချက် ကာလအတွင်း၌ မန္တလေး မြို့ နေရာ ပေါင်းစုံ၌ ရပ်ကင်း နေရာ ၅၀ ကို ထပ်မံ ဖြည့်တင်းကာ နယ်မြေခံ ရဲတပ်ဖွဲ့၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ များမှ တပ်ဖွဲ့ဝင် အင်အား ထပ်ဆောင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ဒု တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှုးကြီး ကိုကိုလွင်က“မထင်မှတ်ထားတဲ့ မှုခင်းဖြစ်စဉ်တွေ ဖြစ်ပျက်ခဲ့ တဲ့ အပေါ်မှာလည်း ကျနော်တို့ကို လူမှုကွန်ရက် မီဒီယာပေါ်ကနေ ထိုးနှက်ချက် တွေရှိခဲ့တယ် ဆိုတာလည်း အားလုံး အသိပါ။ အဲဒီတော့ ကျနော်တို့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြန်ပြီး သုံးသပ်ပါတယ်။ အကောင်းဆုံး ဖြစ်အောင် ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုလည်း စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ သိမ်းငှက် စီမံချက်က အောင်မြင်တယ်လို့ ပြော ရမှာပါ။ ရှေ့ဆက်ပြီးတော့ ပြည်သူလူထု လုံခြုံရေးကို သိမ်းငှက်စီမံချက် အတိုင်း အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်သွားပါမယ်”ဟု ပြောသည်။
အရှိန်အဟုန်မြှင့်၍ ဆက်လက် ဆောင်ရွက်မည့် စီမံချက်တွင် ဒု စရိုက်မှု၊ မူးယစ်ဆေးဝါးမှုများ ကျဆင်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်မည် ဖြစ်ပြီး ရဲတပ်ဖွဲ့သာမက ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
တိုင်းအကူ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းကိုကိုက“ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဟာ စီမံချက်ကာလ အတွင်းမှာ အလွန်ပဲ ပင်ပန်းဆင်းရဲခဲ့ကြရပါတယ်။ မနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီဆိုပြီး အဆိုင်းတွေ ၄ ဆိုင်းခွဲပြီးတော့ ၂၄ နာရီပတ်လုံး တာဝန် ထမ်းဆောင်ခဲ့ကြပါတယ်”ဟု ပြောသည်။
မန္တလေးခရိုင်တွင် မြို့နယ် ၇ မြို့နယ်၊ ရပ်ကွက်ပေါင်း ၉၇ ရပ်ကွက်၊ လူဦးရေ ၁၅ သိန်း ၇ သောင်းကျော် ရှိပြီး ခရိုင် ရဲတပ် ဖွဲ့၌ တပ်ဖွဲ့ဝင် အင်အား ၁၁၅၀ ရှိရာ ပြည်သူနှင့် ရဲအချိုးမှာ ၁ အချိုး ၁၃၆၉ ဦး ခန့်ဖြင့် လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေရကြောင်း သိရသည်။