ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီက အင်းလေးကန် မြေဧက ၉၀ ပေါ်တွင် ဟိုတယ်တခု ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ဒေသခံများက ကန့်ကွက်ခဲ့ပြီး နောက် သက်ဆိုင်ရာက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မြေပြင် ကွင်းဆင်း စုံစမ်း စစ်ဆေးမှုကို ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်၊ ဝန်ကြီးဌာန ကိုယ်စားလှယ်တို့ ပါဝင် သည့် အဖွဲ့တခုက အောက်တိုဘာလ ၃ ရက်တွင် စတင်ခဲ့ပြီး ယခုအခါ သမ္မတရုံးသို့ ပြန်လည် တင်ပြရန် အစီရင်ခံစာ ရေးသား နေသည်ဟု သိရကြောင်း ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုး က ပြော သည်။
“ဟိုတယ် ဆောက်ဖို့ ကိစ္စက မဖြစ်နိုင်လောက်တော့ဘူး။ ကျနော်တို့ကလည်း ခွင့်မပြုဖို့ သဘောထား မှတ်ချက် ပေး ထား တယ်။ ဒီမြေလေးကို သဘာဝ နယ်မြေ အဖြစ် ပြန်ထားပေးဖို့ ပြောထားတယ်”ဟု ဦးသိန်းဇော်မိုးက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီး ခရိုင် ညောင်ရွှေ မြို့နယ် အင်းလေးကန် ဒေသ အတွင်းရှိ မိုင်းသောက် ကျေးရွာ အုပ်စု သကြားစက်ကွင်း အတွင်း မြေဧရိယာ ၉၀ ပေါ်တွင် ယင်းကုမ္ပဏီက ဟိုတယ် တည်ဆောက်ရန် စက်တင်ဘာလ အတွင်း မြေအသုံးချခွင့် လျှောက်ထားလာခြင်းကို ဒေသခံများက လက်မှတ် ရေးထိုး ကန့်ကွက်စာ ပို့လာသည့် အပေါ် ပြန်လည် စိစစ်ရန် ရှမ်းပြည်နယ် အစိုးရ အဖွဲ့သို့ ညွှန်ကြားထားကြောင်း သမ္မတရုံးမှ သိရသည်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“ဒေသခံတွေက လက်မှတ်ထိုးပြီး သမ္မတရုံးကို တင်ပြလာတဲ့ အတွက် တည်ဆဲ ဥပဒေတွေနဲ့ အညီ ပြည်နယ် အစိုးရက ကိုယ်စားလှယ်တွေရယ်၊ ဝန်ကြီးဌာန ကိုယ်စားလှယ်တွေ၊ မြေပြင်မှာ ကွင်းဆင်း စိစစ် ပါဆိုပြီးတော့ ပြောထားတဲ့ အတွက် သူတို့ စိစစ်နေပြီ။ အဲဒီ စိစစ်ချက်ကတော့ ပြန်တက်မလာသေး ဘူး”ဟု ပြောသည်။
၂၀၁၁ ခုနှစ်တွင် ယင်းမြေဧက ၉၀ ပေါ်၌ နိုင်ငံတကာ အဆင့်မီ ဟိုတယ်တခု တည်ဆောက်ရန် ဆိုသဖြင့် သဘာဝ သစ်တော မြေမှ ပယ်ဖျက်ပြီး ခွင့်ပြုချက် ပေးထားသော်လည်း ၂၀၁၆ ခုနှစ် အထိ မြေဂရမ် လာရောက် လျှောက်ထား ခြင်း မရှိခဲ့ကြောင်း၊ သို့ သော် ၂၀၁၆ ခုနှစ် ရောက်မှ ခွင့်ပြုချက် တင်ပြလာသဖြင့် ပြည်နယ် အစိုးရက ခွင့်မပြုတော့ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အဲဒီကြားကာလမှာ သူက အမည်ပေါက် လုပ်မထားဘူး။ ပြီးတော့ ဟိုတယ် ဆောက်လုပ်ခွင့်လည်း တင်ပြထားတာ မရှိဘူး။ အခု ဆောက်ဖို့ ပြင်တဲ့ အချိန်မှာ သူက လုပ်ထုံးလုပ်နည်းနဲ့ အညီ ကြေညာတယ်ပေါ့။ ကြေညာတော့ ဒေသခံ တွေက ကန့်ကွက်တာပဲ”ဟု သမ္မတရုံး ညွှန်ချုပ်က ပြောသည်။
ဒေသခံများက ကန့်ကွက်ကြောင်း လက်မှတ်များ ရေးထိုးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အပါ အဝင် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသား လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီသို့ တင်ပြခဲ့ကြောင်း သိရသည်။
အစိုးရ ဝန်ကြီးဌာန တခုဖြစ်သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမျိုးသား လွှတ်တော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီသို့ ပြန်ကြားသည့်စာတွင် ဒေသခံများ၏ ထောက်ခံချက်ဖြင့် “ဘေးမဲ့တော” ပြုလုပ်ရန် သင့်လျော်ကြောင်း ထောက်ခံပေးခဲ့သည်။
အဆိုပါ ထောက်ခံပေးခဲ့သည့်စာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း ကိုယ်တိုင် လက်မှတ် ရေးထိုးထားပြီး ရှမ်းပြည်နယ် အစိုးရနှင့် အမျိုးသား လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီတို့ ကလည်း ထောက်ခံပေးရန် လိုကြောင်း ဖော်ပြထားသည်။
ယခုအခါ အင်းလေးကန်နှင့် ပတ်ဝန်းကျင်တွင် ဟိုတယ် ၁၄ လုံးအထိ ရှိနေပြီး ယခင် ခေတ်အဆက်ဆက်က ကန့်ကွက် ခွင့် မရခဲ့၍ မပြောနိုင်ခဲ့ကြောင်း၊ ယခုအခါ ယင်းနေရာများမှာလည်း မြေသိမ်း ဆိုင်ရာ ကိစ္စများနှင့် အချင်း များ နေဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် အတွက်လည်း ဧက ၆၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသခံများထံက စုံစမ်း သိရှိရသည်။
ဆက်စပ် ဖတ်ရှုရန် –
ဦးသန်းရွှေ သား၏ ဟိုတယ်စီမံကိန်းနေရာကိစ္စ အစိုးရ ဒေသခံပြည်သူများဘက်မှ ရပ်တည်
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသား ဟိုတယ် အစီအစဉ် ကန့်ကွက်မှုများရှိ