အစိုးရအနေဖြင့် ပြည်ပမှ တင်သွင်းနေသည့် Ceramic Tiles အမျိုးအစား ကြွေပြားအား ကန့်သတ် ကုန်အဖြစ် သတ်မှတ် ပေးရန်၊ တင်သွင်းပါကလည်း အခွန်တိုးမြှင့် ကောက်ခံပေးရန် တောင်းဆိုထား ကြောင်း ပြည်တွင်း ကျောက်ပြားလုပ်ငန်း ရှင်များ ကိုယ်စားလှယ် ဖြစ်သူ သာယာဝတီ ကြွေ ပြား စက်ရုံ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးမင်းသန့်က ဧရာဝတီသို့ ပြောသည်။
Ceramic Tiles အမျိုးအစား ကြွေပြားများကို ပြည်တွင်းတွင် လက်ရှိထုတ်လုပ်နေရာ လုပ်ငန်းရှင် များမှာ ပြည်ပမှ ကုန် ကြမ်း တင်သွင်းသည့်အခါ အခွန်ပေးရပြီး၊ ကုန်ချောအဖြစ် တင်သွင်းလာသူများ အနေဖြင့်မူ အာဆီယံ လွတ် လပ်စွာ ကုန်သွယ်မှု (ASEAN Free Trade) သဘောတူညီချက်အရ အခွန်ကင်းလွတ်ခွင့် ရသည့်အတွက် ဈေးကွက်တွင်း မယှဉ်ပြိုင်နိုင်ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ဦးစိုးမင်းသန့်က “ကျနော်တို့မှာ ဒီကုန်ကြမ်းတွေ သွင်းတဲ့အခါ အခွန်က ၃ ရာခိုင်နှုန်း ပေးရတယ်။ ပြည်ပကနေ ဝင်လာတဲ့ ကုန်ချောတွေ သွင်းတဲ့အခါ အခွန်က မရှိဘူး။ ဒါကြောင့် နိုင်ငံခြားကို မယှဉ်နိုင် ဘူး၊ ဈေးကွက်ကလည်း ယိုးဒယားနဲ့ ယှဉ်ရင် ၂၅ ရာခိုင်နှုန်းလောက် ဈေးလျှော့ရောင်း ရတယ်။ သူတို့လည်း ဒီကုန်ကြမ်း၊ ကျနော်တို့လည်း ဒီကုန်ကြမ်းပဲ သုံးတယ်ဆို တော့ အရင်းအနှီးက မကွာ ဘူး၊ အခွန်ကျတော့လည်း ပြည်တွင်းမှာ ထုတ်တာနဲ့ ပြည်ပက သွင်းတာနဲ့ ဘာမှမထူးဘူး။ အဲဒီ တော့ ကျနော်တို့က ပြည်ပသွင်းကုန်ကို အခွန်တိုးကောက်ဖို့ တင်ပြတာပေါ့”ဟု ဆိုသည်။
ကန့်သတ်ကုန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားသည့် Ceramic Tiles ကြွေပြားကို ပြည်တွင်း ထွက် ကြွေကျောက် မြေနှင့် ရွံစေးမြေတို့ ရောစပ်၍ ထိုင်းမှ တင်သွင်းသည့် ကြွေရည်တို့နှင့် ပေါင်းစပ်ကာ ထုတ်လုပ်ရခြင်း ဖြစ်သည်ဟု သိရ သည်။
“ထိုင်းမှာဆို သူတို့ထုတ်တဲ့ ဒီကြွေပြားကို ပေးမသွင်းဘူး။ တခြား ကြွေပြား အမျိုးအစား သွင်းရ တယ်။ ဒါကို ပြောပြပါတယ်။ ကျနော်တို့လည်း ကျနော်တို့ ထုတ်နိုင်တဲ့ ကြွေပြားအမျိုးအစားကို ကန့်သတ်ပေးဖို့ ပြောပါတယ်။ ဒါတော့ ထပ်ပြီးတော့ လူကြီးတွေကို ပြောရဦးမှာပါ”ဟု ဦးစိုးမင်းသန့် က ပြောသည်။
အောက်တိုဘာလ ၆ ရက်က ရန်ကုန် စက်မှုလက်မှု ကုန်သည်အသင်း (UMFCCI) တွင် ပြုလုပ်သည့် ဒုသမ္မတ ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲတွင် အဆိုပါကိစ္စအား ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ တင်ပြထား ပြီး အစိုးရထံ ထပ်မံ တင်ပြသွားရန်လည်း ရှိကြောင်း ကြွေပြား/ကျောက်ပြား လုပ်ငန်းရှင်များထံမှ သိရသည်။
ကုန်သည် စက်မှု အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “လာတင်ပြတာဆိုရင် ကျောက်ပြား စက်ရုံတွေပါ လုပ်ငန်းရှင် ၄ ဦးလောက်ရှိတယ်။ သူတို့ စက်ရုံ ၄ ရုံပေါင်းလိုက်ရင် အလုပ်သမား ၁ သောင်း ၅ ထောင်လောက် ရှိတယ်။ နယ်စပ်က သွင်းလာတဲ့ ကျောက်ပြားတွေနဲ့ တခြား ပြည်ပက သွင်းလာတဲ့ ဟာကို မနိုင်ဘူး။ တချို့ အရည်အသွေး ကောင်းတာ ရှိပါတယ်။ ဒါပေမယ့် မယှဉ်နိုင်တဲ့အခါ ကျတော့ ကိုယ့်ရဲ့ ထုတ်လုပ်မှုတွေလည်း ဘယ်လို အားပေးလို့ရမလဲ ပေါ့လေ။ ဒါကိုလည်း ဆွေးနွေးပေးစေချင်တယ်”ဟု ပြောသည်။
ဈေးကွက်အတွင်း Ceramic Tiles ကြွေပြားဆိုက် အမျိုးအစားမျိုးစုံရှိသော်လည်း မြန်မာနိုင်ငံတွင် အကြီးဆုံး တပေ ပတ်လည် ထုတ်နိုင်သည့် စက်ရုံမှာ ရန်ကုန်တွင် ၂ ရုံနှင့် စစ်ကိုင်းတိုင်းတွင် ၁ ရုံသာ ရှိသည်။
ယင်းစက်ရုံ ၃ ရုံမှာ တရက်လျှင် ကြွေပြားချပ်ရေ ၂ သိန်း ထုတ်လုပ်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ဈေးကွက်သို့ ထိုင်းနှင့် တရုတ်နိုင်ငံထုတ် ကြွေပြားများမှာ ဈေးပေါပေါနှင့် ဝင်ရောက်မှုများ ရှိသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။