ရခိုင်ပြည်နယ် အရေး စိုးရိမ်မကင်းဖြစ်မှုအပေါ် ဂျပန်နိုင်ငံ၏ ဖြောင့်မတ်တည်ကြည်သော ဆွေးနွေးမှု ရှိခဲ့ခြင်းနှင့် ပတ်သက်၍ တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း တိုကျိုမြို့တွင် ဝန်ကြီးချုပ်ရှင်ဇို အာဘေးနှင့် ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း Japan Times သတင်းကဆိုသည်။
တိုကျိုမြို့ အကာစကာခရိုင်ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ တွင် ဂျပန်စကားပြန်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်က “ဂျပန်နိုင်ငံရဲ့ရပ်တည်ချက်ကို ကျမ တန်ဖိုး ထား အသိအမှတ်ပြုပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် အာဘေးက ဘင်္ဂါလီအရေးကိစ္စဟူ၍ တိုက်ရိုက်ရည်ညွှန်းမရှိသော်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုအပါအဝင် ရခိုင်ပြည်နယ်နှင့် ဆက်စပ်ကိစ္စများ ခက်ခဲရှုပ် ထွေးလှသော လုပ်ငန်းစဉ်များအပေါ် ဒေါ်အောင်ဆန်း စုကြည်၏အားထုတ်ကြိုးပမ်းမှုများကို တိုကျိုက အလွန်အမင်းတန်ဖိုး ထားမိပါကြောင်း ပြောကြား ခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂါလီများ ထွက်ပြေးခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လက လွတ်လပ်သော ကော်မရှင် ကို နိုင်ငံတကာမှ ပုဂ္ဂိုလ် ၂ဦးပါဝင်ကာ ဖွဲ့စည်းခဲ့ပြီး၊ ကျယ်ကျယ်ပြန့်ပြန့် သြဇာထက်မြက်သော လုပ်ပိုင်ခွင့်ကို အစိုးရ အနေဖြင့် ပေးအပ်ထားကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီမွတ်ဆလင်များအပေါ် စစ်တပ်က ကျူးလွန်ခဲ့မှုများအား သူမအနေဖြင့် ပီပီပြင်ပြင် အရေးယူ ကိုင်တွယ်ခြင်းမရှိဟု အနောက်အုပ်စုမီဒီယာများနှင့် လူ့အခွင့် အရေးတက်ကြွသူများ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုရှိသည်ဟူသော စွပ်စွဲချက်များအပေါ် အဆိုပါ စုံစမ်း ရေးကော်မရှင်က ထိရောက်သောစစ်ဆေးမှုလုပ်ဆောင်သွားမည်ဟု မိမိမျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒုက္ခသည် အရေးမှာ ရှုပ်ထွေးပြီး စိုးရိမ်စရာ ပြဿနာဖြစ်ကြောင်း၊ ၎င်းတို့ မြန်မာနိုင်ငံသို့ပြန်လာပြီး ပြန်လည်နေထိုင်နိုင်ရန် ဂျပန်နိုင်ငံက အထောက်အပံ့များ ထပ်မံပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
“ပုဂ္ဂိုလ်ကအဖွဲ့အစည်းများနှင့်အတူ ဂျပန်အစိုးရက မြန်မာကို ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာ၌ အထောက် အကူဖြစ် စေရန် အမြင့်ဆုံးပံ့ပိုးမှုပေးသွားမည်ဖြစ်ကြောင်း” ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။
သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးတို့သည် သတင်းထောက်များ၏ မည်သည့်မေးခွန်းကိုမှ ဖြေဆိုခဲ့ခြင်းမရှိပေ။
၎င်းတို့တွေ့ဆုံဆွေးနွေးမှုသည် ၁၀ ကြိမ်မြောက်မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးပြင်ပတွင် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် သွန်လောင်စီဆိုလစ်၊ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖက်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် ဧည့်ဝတ်ပြုခဲ့သည်။