သတင်း

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီ နုတ်ထွက်

ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် နစ်ကီဟေလီက အောက်တိုဘာလ ၉ ရက်က ကြေညာအပြီး ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် သမ္မတ ဒေါ်နယ်ထရမ့် ကို စိန်ခေါ်ရန် ပြင်ဆင်နေသည် ဟူသည့် သတင်းကို ပယ်ချလိုက်သည်။

ကုလသမဂ္ဂ တွင် ၁၈ လကြာ တာဝန်ယူခဲ့ခြင်းသည် တသက်တာ ဂုဏ်ယူရမည့် အလုပ်ဖြစ်ပြီး ယခုနှစ်ကုန်အထိ ဆက်လက် တာဝန် ထမ်းဆောင်မည်ဟု ဘဲဥပုံ ရုံးခန်းတွင် ထရမ့်၏ ဘေးတွင် ထိုင်ကာ သူက ပြောသည်။

အသက် ၄၆ နှစ်အရွယ် ဟေလီသည် ရက်စ်တေလာဆန်နှင့် စတိဘန်နွန် ကဲ့သို့ ထရမ့် အစိုးရအဖွဲ့ ထွက်ခွာသွားသည့် အဆင့်မြင့် အရာရှိများပြီးနောက် နောက်ဆုံး နုတ်ထွက်သူ ဖြစ်သည်။

ရက်စ်တေလာဆန်ကို မတ်လတွင်းက ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး စတိဘန်နွန်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ရာထူးမှ နုတ်ထွက်ခဲ့သည်။

သူမ ကုလသမဂ္ဂတွင် လုပ်ကိုင်ရသော ကာလသည် လွန်စွာ ကောင်းမွန်ပြီး မယုံနိုင်လောက်အောက်ပင် ဖြစ်ရကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောပြီး နုတ်ထွက်စာကို လက်ခံကြောင်း၊ သူမနေရာ ဆက်ခံမည့်သူကို လာမည့် နှစ်ပတ်၊ သုံးပတ်အတွင်း ကြေညာမည်ဖြစ်ကြောင်း ပြောသည်။

တောင်ကာရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဟေလီသည် ရီပတ်ဘလီကန်ပါတီတွင် ထွန်းသစ်စ ကြယ်ပွင့်ဖြစ်ပြီး ၂၀၂၀ သမ္မတရွေးပွဲတွင် အလားအလာရှိသော သမ္မတလောင်းအဖြစ် မကြာခဏ ဖော်ပြခံရသည်။ သို့သော် ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်းနှင့် ထရမ့်အတွက် မဲဆွယ်ပေးမည်ဟု ဟေလီက အောက်တိုဘာလ ၉ ရက်တွင် ပြောသည်။

ထရမ့်၏ သမ္မတသက်တမ်းအတွင်း အမေရိကန်သည် ကမ္ဘာတဝန်းက လေးစားခံရသည်ဟု ဟေလီက ပြောသည်။

“အခု အမေရိကန် ပြည်ထောင်စုဟာ လေးစားခံနေရပြီ။ ကျမတို့ လုပ်တာတွေကို နိုင်ငံတွေက ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမယ့် ကျမတို့ လုပ်တာတွေကို သူတို့ လေးစားနေရပြီ။ ကျမတို့ တခုခုလုပ်မယ်ဆိုရင် ပြောတဲ့အတိုင်း လုပ်တယ်ဆို တာ သူတို့ သိနေကြပြီ” ဟု သူမက ဆိုသည်။

ဟေလီသည် ကုလသမဂ္ဂတွင် ထရမ့်၏ “အမေရိကန် ပထမ” မူဝါဒကို ကိုယ်စားပြုသူ ဖြစ်ပြီး ကုလသမဂ္ဂ အစီအစဉ် အများ အပြားမှ အမေရိကန် ဆုတ်ခွာသည်ကို ကြီးကြပ်ကာ အီရန်နှင့် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်အပေါ် ထရမ့်၏ တင်းမာသည့် မူဝါဒကို အပြင်းထန် ကာကွယ်ပေးသူ ဖြစ်သည်။

“သူမဟာ မယုံကြည်နိုင်လောက်တဲ့ အလုပ်တွေကို လုပ်ပြခဲ့တယ်။ အရမ်းအရေးကြီးတာက သူမဟာ အရမ်းတော်တဲ့ သူပါ။ သူမဟာ ဒီလိုလူပဲ” ဟု ထရမ့်က ပြောသည်။

ဟေလီမှာ အနားယူရန် ရာထူးမှ နုတ်ထွက်ရေး စဉ်းစားကြောင်း လွန်ခဲ့သည့် ခြောက်လခန့်ကတည်း က ပြောခဲ့ကြောင်း လည်း ထရမ့်က ဆိုသည်။

“သူမဟာ ပြောင်မြောက်တဲ့ အလုပ်တွေ လုပ်ခဲ့တယ်။ ကျနော်တို့ပြောင်မြောက်တဲ့ အလုပ်တွေ အတူလုပ်ခဲ့တယ်။ ကျနော်တို့ ပြဿနာတွေ အများကြီး ရှင်းခဲ့တယ်။ ရှင်းနေတယ်” ဟုလည်း သူက ပြောသည်။

ဟေလီ ရာထူးမှ နုတ်ထွက်ရေးအတွက် လွန်ခဲ့သည့် ရက်သတ္တပတ်က သမ္မတ အိမ်ဖြူတော်သို့ သွားရောက် ဆွေးနွေးခဲ့ ကြောင်း Axios သတင်းက ဖော်ပြခဲ့သည်။

သူသည် နှစ်လိုဖွယ်ရှိသော်လည်း လွန်စွာ တင်းမာသူဖြစ်ကြောင်း ကုလမှ လုပ်ဖော်ကိုင်ဘက်များက ပြောသည်။ သူမသည် သူမကိုယ် သူမ တိုက်ခိုက်ရေးသမားအဖြစ် မြင်သူဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

“ကျမ ကိုယ် ကျမ အမေရိကန် ပထမ မူဝါဒကို တွန်းအားပေးနေတယ်လို့ မမြင်ဘူး။ ကျမက အမေရိကန်ပြည်ထောင် စုကို ကာကွယ်နေတာ။ သံချပ်ကာဝတ်စုံကို နေ့တိုင်း ဝတ်ထားရတယ်လို့ တောင် ထင်မိတယ်။ အဲဒီတုန်းက ဘယ်သူ့ကို တိုက်ခိုက်နေရတာလည်းတောင် မသိဘူး” ဟု ဟေလီက ရိုက်တာသတင်းဌာနသို့ ယခုနှစ် အစောပိုင်းက ပြောသည်။

(Nikki Haley resigns as Trump’s UN ambassador အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Loading