ရခိုင် ပြည်နယ် မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်ဒဏ်ချခံပြီး ထပ်မံ ဖမ်းဆီး ချုပ်နှောင်ခံရသူ ရခိုင် လူငယ် ၈ ဦးသည် အောက်တိုဘာလ ၉ ရက်က အာမခံဖြင့် လွတ်မြောက်ခွင့် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ မြောက်ဦးလူငယ် ၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အများပြည်သူပိုင် အကျိုးပျက်စီးမှု ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင်ဘာလ ၂၄ ရက်တွင် စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၈ လကျခံရန် အမိန့် ချမှတ်ခဲ့သည့် အတွက် ၎င်းတို့သည် ချုပ်ရက် ခံစားခွင့် ရရှိသဖြင့် လွတ်မြောက်ခဲ့သော်လည်း ထိုနေ့မှာပင် မြန်မာ နိုင်ငံ အလံ ဥပဒေ ပုဒ်မ ၁၆ ဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီး ချုပ်နှောင်မှု ခံခဲ့ရခြင်း ဖြစ်သည်။
ထပ်မံ ဖမ်းဆီးခံရသူ ၈ ဦးကို ချုပ်ရမန် ရက်ပေါင်း စေ့၍ အောက်တိုဘာလ ၉ ရက်တွင် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ အလံ ဥပဒေ ပုဒ်မ ၁၆ ဖြင့် မြောက်ဦး မြို့နယ် တရားရုံး၌ စွဲတင်ခဲ့ရာ တရားစွဲတင်ရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းလူငယ်များကို ရဲတပ်ဖွဲ့က အပြီးသတ် လွှတ်ပေးခြင်း မရှိဘဲ နောက်ထပ် ဖွင့်ထားသည့် အမှုများ ကျန်ရှိသေးကြောင်း ပြောဆိုကာ အာမခံဖြင့်သာ လွှတ်ပေးလိုက်ကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်သူ ရှေ့နေ ဦးထွန်းအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
ဦးထွန်းအောင်ကျော်က“ရမန်ယူထားတဲ့ နိုင်ငံတော် အလံ ဥပဒေနဲ့ စွဲတင်တော့ တရားရုံးက တရား စွဲဆိုရန်မသင့် ဆိုပြီး တော့ အပြီးသတ် လွှတ်ပါတယ်။ သို့သော် ရဲတပ်ဖွဲ့ နောက်ထပ် အမှုဖွင့်ထားတဲ့ ပုဒ်မ ၃၃၂ ၊ ၃၃၃ ရှိသေးတယ်။ အဲဒါ ကြောင့် ရဲလုပ်ထုံး၊ လုပ်နည်း အရ ဆိုပြီး အာမခံပေးပြီးတော့ လွှတ်လိုက်ပါတယ်”ဟု ပြောပြသည်။
လူငယ် ၈ ဦး အပေါ် အမှုဖွင့်ထားသည့် ကျန်ရှိ အမှုများမှာ တာဝန် ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ ဝန်ထမ်းအား နာကျင်စေမှု ဆိုသည့် ပုဒ်မ ၃၃၂ ၊ တာဝန် ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ ဝန်ထမ်းအား အပြင်းအထန် နာ ကျင် စေမှု ဆိုသည့် ပုဒ်မ ၃၃၃ တို့ ဖြစ်ကြောင်း လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေများက ဆိုသည်။
ဖမ်းဆီးခံ လူငယ် တဦး၏ ဖခင်ဖြစ်သူ ဦးအေးမောင်သိန်းက“အာမခံပေးပြီး လွှတ်တယ် ဆိုတာကတော့ ရဲတပ်ဖွဲ့က လိုတဲ့ အချိန် ဆွဲထည့်ဖို့ အတွက် လုပ်ထားတာပါ။ ကျနော်တို့က ကိုယ့်သားသမီးတွေ လွတ်လာပေမယ့်လည်း မပျော်နိုင်ဘူး ဖြစ်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်လူငယ် ၈ ဦးအမှုကို ရခိုင်အမျိုးသား ပါတီ (ANC) ၏ ဥပဒေ အထောက်အကူပြု အဖွဲ့က လိုက်ပါ ဆောင်ရွက် ပေးနေ ခြင်း ဖြစ်ကာ ယင်းသို့ ထပ်မံ၍ ပုဒ်မများဖြင့် အမှုဖွင့်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဥပဒေ လမ်းကြောင်း အရ ခုခံ ကာကွယ် သွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးထွန်းအောင်ကျော် က ဆိုသည်။
ရခိုင်ပြည်နယ် တရားဥပဒေ စိုးမိုးရေး ဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် တရား လွှတ်တော် ရှေ့နေ ဦးသာဇံကလည်း ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော မြောက်ဦးလူငယ် ၈ ဦးအား ထပ်မံ အမှုဖွင့်ပြီး ဖမ်းဆီးခြင်းသည် တရား ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်းလည်း ထုတ်ဖော် ပြောကြားထားသည်။
ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် ရခိုင် တိုင်းရင်းသား လူငယ် ၈ ဦးသည် သေနတ် ဒဏ်ရာများ ရရှိခဲ့ရာ ဒဏ်ရာ ပြင်းထန်သဖြင့် မြောက်ဦး ဆေးရုံ မှနေ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသခဲ့ရသူများ ဖြစ်သည်။
မြောက်ဦးမြို့တွင် ရခိုင့် နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ်ပွဲ ကျင်းပခြင်းအား ပိတ်ပင်ခံရ မှုနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ရခိုင်လူငယ် ၈ ဦး ထပ်မံ ဖမ်းဆီးခြင်း ဥပဒေနှင့် မညီဟုဆို