သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ပါက တိုင်းပြည် ဒုက္ခတွေ့မည်ဟု မကွေး ဝန်ကြီးချုပ် ပြော

Want create site? Find Free WordPress Themes and plugins.

တိုင်းပြည်၏ လက်ရှိ အခြေအနေရ ဒေါ်အောင်ဆန်းစုကြည်၏ ရိုးသားဖြောင့်မတ်မှုနှင့် ဦးဆောင်မှုတို့ကို ယုံကြည်ရန် လိုအပ်ပြီး မယုံကြည်ပါက တိုင်းပြည် ဒုက္ခတွေ့မည်ဖြစ်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

အောက်တိုဘာလ ၈ ရက်က ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ် ဗီဒီယိုဖိုင် တခုတွင် ပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်သူ ဒေါက်တာ အောင်မိုးညိုက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းက“သူ့ရဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ ဦးဆောင်မှုကို ယုံကြည်ရမယ်။ မယုံကြည်ရင် တိုင်းပြည်ဒုက္ခလှလှတွေ့မယ်။ အဲဒါ တော့ မှတ်ထား။ အမြင်ကျဉ်းလို့ မရဘူး။ အမြင်ကျယ်မှ ရေရှည် ကြည့်မှ။ ၅ နှစ်လည်း ကြည့်လို့ မရဘူး။ ၁၀ နှစ် လည်း ကြည့်လို့ မရဘူး။ ဒီလိုအမေမျိုး၊ ဒီလိုခေါင်းဆောင်မျိုး ရှိတုန်းမှာ ငြိမ်းချမ်းအောင်၊ တိုင်းပြည်တိုးတက် အောင် မလုပ်နိုင်ရင် ဘယ်တော့မှကို မလုပ်နိုင်တော့ဘူး”ဟု ပြောသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ လူကိုသာ မဲပေးရန် လိုကြောင်း၊ လက်ရှိတွင် တိုင်းပြည် အုပ်ချုပ်သူမှာ NLD ဖြစ်၍ အစိုးရဖွဲ့ထားသည့် ပါတီမှ လူကို မဲပေးခြင်းဖြင့် အကျိုး ရှိ၊ မရှိကို ဖြေစရာပင် မလိုကြောင်းလည်း မကွေးတိုင်း ဝန်ကြီးချုပ်က ဆက်လက် ပြောဆိုသည်။

အဓိက အတိုက်အခံ ပါတီတခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပါတီ၏ ချင်းပြည်နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရန်မှာ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရန် မလိုဘဲ လက်ရှိ အစိုးရ တာဝန်ယူထားသူများကိုသာ လဲပစ်ရန် လိုကြောင်း ပြောဆိုထားသည်။

ကြံ့ခိုင်ရေး ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက“လက်ရှိခေါင်းဆောင်ရှိမှသာ ငြိမ်းချမ်းရေး ပြီးမြောက်မယ်လို့ ပြော တယ်။ ပြီးမြောက်မယ်လို့ ပြောတဲ့ အတိုင်းအတာမှာ လက်တွေ့မှာ ပထမ အစိုးရနဲ့ ဒုတိယ အစိုးရမှာ ငြိမ်းချမ်း ရေး တိုးတက်မှုကို နှိုင်းယှဉ်ဖို့ လိုပါတယ်။ ပထမအစိုးရ လုပ်တာက ဒုတိယ အစိုးရ လုပ်တာထက် ပိုကောင်းနေတယ် ဆိုရင် သူ (ဒေါ်အောင်ဆန်းစုကြည်) ရှိမှ ဖြစ်မှာလားဆိုတာ စဉ်းစားဖို့ လိုတယ်”ဟု ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် အရေးကြောင့် နိုင်ငံတကာ၏ ဖိအားပေး ဝေဖန်မှုများ ခံနေ ရပြီး သူမ ဦးဆောင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းမှာလည်း အောင်မြင်မှု ပြနိုင်ရန် ရုန်းကန်နေရဆဲ အခြေအနေတွင်သာ ရှိကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်လျက် ရှိသည်။

ထို့ပြင် သူမ၏ NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ ကြွေးကြော်ချက်ဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၁၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ရည်မှန်းချက်များမှာ အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည့်တိုင် အောင်မြင်ရန် ကြိုးစားနေရဆဲ ဖြစ်သည်။

ဒေါက်တာ အောင်မိုးညိုက“အမေစု ကြည့်မယ်ဆိုရင်လည်း တတိုင်ပြည်လုံးကို နေမဝင် အင်ပါယာအောက်က လွတ်အောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး။ ဘယ်လောက် အနစ်နာခံတုန်း၊ ဘယ်လောက် စွန့်လွှတ် တုန်း။ ဒီလိုခေါင်းဆောင်မျိုး ဘယ်သောအခါမှ မပေါ်နိုင်ဘူး။ အနှစ် ၅၀ မှာ ပေါ်သလေ။ အနှစ် ၁၀၀ မှ ပေါ်သလေ ပြောမနေနဲ့။ ဒီလို ခေါင်းဆောင်မျိုး ဘယ်တော့မှ မပေါ်နိုင်ဘူး”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီအတွင်း မရှိမဖြစ် ပုဂ္ဂိုလ်အဖြစ် ဦးဆောင်နိုင်သော်လည်း နိုင်ငံတခုလုံး အနေ ဖြင့်မူ မရှိမဖြစ်ဟု မဆိုနိုင်ကြောင်း၊ လူပုဂ္ဂိုလ် တဦးအား နိုင်ငံတော်နှင့် တိုက်ရိုက် ဆက်စပ်နေခြင်းသည် ကောင်းသည့် အခြေအနေ မဟုတ်ကြောင်း ရန်ကုန်အခြေစိုက် ဝါရင့်သတင်းစာဆရာ ဦးစိန်ဝင်းက သုံးသပ်သည်။

ဦးစိန်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက လွန်ခဲ့တဲ့ ၂ နှစ်ခွဲထက်စာရင် အနုတ် လက္ခဏာ ပိုပြလာ တယ်။ နိုင်ငံတကာ ထောက်ခံမှုကလည်း သူ့အပေါ် နှစ်အစိတ်ကျော် ထောက်ခံခဲ့တာက ကျဆင်းသွားတယ်။ ပြည်တွင်း ထောက်ခံမှုကတော့ ရှိနေသေးတယ်။ ဒါပေမယ့် အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လို့ကို မရဘူး။ နောက်တခုက တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု သိသိသာသာ လျော့သွားတယ်”ဟုလည်း ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading