တိုင်းရင်းသားရေး ဆောင်ရွက်နေသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်သော ရှမ်းပြည် ပြည်လည် ထူ ထောင်ရေး ကောင် စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကြား တိုက်ပွဲ များကြောင့် နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံ ဖြေရှင်းကြရန် ရှမ်းတိုင်းရင်းသားနှင့် အဖွဲ့အစည်း များက တိုက်တွန်းလိုက်သည်။
ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်း မြို့နယ်အချို့တွင် နှစ်ဘက်အဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် အတွက် ကောင်းသည့်လက္ခဏ မဟုတ်သည့်အတွက် တိုက်ပွဲများ ရပ်တန့်ရေးနှင့် ဒေသခံ လူထုအား စောင့်ရှောက်နိုင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းလူငယ်များအသင်း (ရန်ကုန်) ဥက္ကဌ စိုင်းအောင်မြင့်ဦးက “ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်တယ်။ အချင်းချင်းဖြစ်တာက ပြည်သူအတွက်လည်း မကောင်းဘူး၊ တိုင်းပြည်အတွက်လည်း မကောင်းဘူးလို့ အကြံပြုလိုပါတယ်။ ရှမ်းလူမျိုးတယောက် အနေနဲ့ဆိုလျှင် စစ်ပွဲ မဖြစ်စေချင်တာက အမှန်ဘဲ။ စစ်ပွဲမရှိတာက အကောင်းဆုံးပဲဖြစ်ပါမယ်။ ဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဝိုင်းဝန်းပံ့ပိုး ကာကွယ်ပေးဖို့နဲ့ ဖွံ့ဖြိုးရေးတွေမှာလည်း ၂ ဖက်သော တပ်ဖွဲ့ များအနေနဲ့ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဖို့၊ ပြည်သူတွေ အသက် အိုးအိမ် ကာကွယ်ပေးတဲ့ စစ်တပ်ဖြစ်ဖို့ လိုအပ်တယ်”ဟု ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၉ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ မိုင်းခွန်ကျေးရွာ အုပ်စုအတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ထိခိုက်ကျဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲနှင့် ပတ်သက်၍ နှစ်ဖက် တာဝန်ရှိသူများထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော် လည်း တစုံတရာ ဖြေကြားခြင်း မရှိကြပေ။
ရန်ကုန်အခြေစိုက် ရှမ်းတိုင်းရင်းသား စိုင်းလျန်းဟန်က “ရှမ်းအချင်းချင်း ပစ်ခတ်နေတာကို လုံးဝ ရှုတ်ချတယ်။ ဆွေးနွေး ညှိနှိုင်းကြစေချင်တယ်။ ကိုယ်ကျိုးထက် အမျိုးသားအကျိုးကို ပိုမိုပံ့ပိုးပေးကြ စေချင်တယ်” ဟု ပြောသည်။
RCSS ၏ တရားဝင် အွန်လိုင်း သတင်းဌာနဖြစ်သော Tai freedom တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ မိုင်း ခွန်ကျေးရွာအုပ်စုအတွင်းတွင် လှုပ်ရှားနေသည့် RCSS တပ်ဖွဲ့ကို SSPP က အင်အားအလုံးအရင်းဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီခွဲက ဝင်ရောက် တိုက် ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာ ၃ ရက်နှင့် ၈ ရက်နေ့များ တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ်အတွင်းတွင်လည်း RCSS နှင့် SSPP-TNLA ပူးပေါင်း တပ်ဖွဲ့အကြား ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၄ ရက်အထိ တိုက်ပွဲငယ်ပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့သည်ဟု Tai Freedom က အောက်တိုဘာ ၉ ရက်တွင် ရေးသား ဖော်ပြထားသည်။
RCSS နှင့် SSPP အကြား တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ခေါင်းဆောင် ၂ ဦး တွေ့ဆုံဖြေရှင်း ကြရန် ရှမ်းပြည်ညီညွတ် ရေးကော်မတီ (CSSU) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကလည်း တိုက်တွန်းထား သည်။
ဦးစိုင်းအိုက်ပေါင်းက “အမှန်က သူတို့ ခေါင်းဆောင် ၂ ဦးက တွေ့ဆုံညှိနှိုင်းဖို့ လိုတယ်ဗျ၊ သူတို့ ညှိနှိုင်းမှ ရမှာ၊ ကျနော်တို့က မေတ္တာရပ်ခံလို့ပဲ ရမှာ၊ ဘာမှ လုပ်လို့မရဘူး။ သေကြေ ဒဏ်ရာရမှုတွေ ရှိနေမှာပေါ့၊ ဒါကမကောင်းဘူးလေ။ ပြည်သူ လူထုလည်း အေးအေးချမ်းချမ်း မနေရဘူး။ တိုင်းရင်း သား လက်နက်ကိုင်က လူငယ်တွေ၊ လူလတ်တွေလည်း ညှိနှိုင်းလို့ မရဘူး။ အမှန်ကတော့ အချင်းချင်း မေတ္တာတရား ရှေ့ထားပြီး ညှိနှိုင်းကြရင် အကောင်းဆုံးပေါ့”ဟု ဆိုသည်။
CSSU ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းမှာ ရှမ်းပြည် မြောက်ပိုင်း၊ နမ္မတူမြို့နယ်ထဲတွင် ရှမ်းတပ် ၂ ဖွဲ့ တိုက်ပွဲများကြောင့် ဒေသခံ များ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည့်အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာ ကြရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် SSPP ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ပန်ဖတို့အား ဇူလိုင်လ ၂၁ ရက်က စာပေးပို့ မေတ္တာရပ်ခံခဲ့ဖူးသည်။
လက်ရှိဖြစ်နေသည့် ရှမ်းလက်နက်ကိုင်တိုက်ပွဲနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “စိတ်ဓါတ် ရေးရာ အရတော့ ထိခိုက်တာပေါ့ဗျာ၊ သူတို့လည်း ဘာတတ်နိုင် မလဲ အခုက နယ်မြေနဲ့ ဆိုင်နေတာ၊ ဘာခေါ်မလဲ နယ်မြေအထိုင်ပေါ့နော် အဲဒါတွေနဲ့ထိစပ်သွားတာပေါ့။သူတို့ ထပ်တွေ့ဖို့ တော့ လိုမှာပေါ့”ဟု ပြောသည်။
ထို့နောက် သြဂုတ် ၁၁ ရက်တွင် ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) ၏ ဆောင်ရွက်ပေးမှုဖြင့် ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
အဆိုပါ ၂ ဖွဲ့စလုံးသည် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) အဖွဲ့ဝင်များ ဖြစ်ကြကာ RCSS သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး SSPP မှာမူ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေဆဲ ဖြစ်သည်။