ဖမ်းဆီးထားသော ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အောက်တိုဘာလ ၉ ရက်တွင် သဘောတူလိုက်သည်ဟု သိရသည်။
TNLA နှင့် နန်းမိုဟွမ်လွတ်မြောက်ရေး ဆောင်ရွက်နေသည့် နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအသင်း အဖွဲ့ အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ် ၄ ဦးနှင့် ကြားဝင် စေ့စပ်ပေးသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) တို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ခမ်း (ပန်ဆန်း) မြို့တွင် ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း FPNCC ကလည်း ကြေညာချက် ထုတ်ထားသည်။
FPNCC ထုတ်ပြန်ချက်၌ “TNLA အနေဖြင့် ကာလရှည်ကြာ အတူတကွ နေထိုင်လာခဲ့သော တိုင်းရင်း သားများ ချစ်ကြည် ရင်းနှီးဆက်ဆံမှုကို ရှေးရှု၍ နန်းမိုဟွမ်အား ခွင့်လွှတ်ပေးခဲ့ပြီး အမြန်ဆုံး လွှတ် ပေးရန် သဘောတူခဲ့ပါသည်”ဟု ဖော်ပြ ပါရှိသည်။
ဆွေးနွေး ညှိနှိုင်းရာတွင် ပါဝင်ခဲ့သည့် ရှမ်းလူမှုအသင်းအဖွဲ့ ကိုယ်စားလှယ် စိုင်းသိန်းရွှေက “ဟုတ်ပါ တယ်၊ မှန်ပါတယ်။ သဘောထား ထုတ်ပြန်ချက်ထဲက အတိုင်းပါ။ ကျနော်တို့ မေတ္တာရပ်ခံထားတာက အမြန်ပေါ့။ အမြန်ဆုံး ဆိုတာကတော့ ဒီရက်ပိုင်း အတွင်းမှာပဲ လွှတ်ပေးဖို့ တောင်းဆိုထားတာပါ။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက်လို့တော့ သူတို့က မပြောဘူး။ သူတို့ အဆင်ပြေတဲ့ရက်မှ လွှတ်ပေးမယ် ပေါ့နော်။ ရက်အတိအကျတော့ မပေးပါဘူး” ဟု အတည်ပြု ပြောသည်။
စေ့စပ်မှုများအရ နန်းမိုဟွမ်မှာ မှားယွင်းမှု ရှိခဲ့ကြောင်း ဝန်ခံသည့်အတွက် ထောင် ၃ နှစ် ချမှတ် ခံခဲ့ရ သည်ဟု သိရကြောင်း၊ ယင်းအတွက် နန်းမိုဟွမ် မိသားစုနှင့် နမ့်ခမ်း ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့၏ ကိုယ်စားလှဝ်များက ယင်းပြစ်ဒဏ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် မေတ္တာရပ်ခံခဲ့သည့် အတွက် တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီး ဆက်ဆံမှုကို ရှေ့ရှု၍ အမြန် ဆုံး လွှတ်ပေးရန် သဘောတူခဲ့ သည်ဟု FPNCC ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင် ရပ်ကွက်နေ နန်းမိုဟွမ်းကို တာဝန်ဝတ္တရား နှောင့်ယှက်သည်ဟုဆိုကာ TNLA က သြဂုတ်လ ၁၇ က ဖမ်းဆီးကာ အောက်တိုဘာလ ၅ ရက်တွင် TNLA ဗဟိုတရားရုံးက ထောင် ၃ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
FPNCC ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက် ကျော်ကို မေးမြန်းရာ FPNCC နှင့် အဆက်အသွယ်မရသေးသည့် အတွက် မည်သို့ သဘောတူညီ ခဲ့သည်ကို မသိရသေးကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က “ကျနော်တော့ မသိသေးဘူး။ FPNCC က ပန်ခမ်းမှာဆိုတော့ ကျနော်တို့က အဆက်အသွယ် မရသေးဘူး။ သူက ဘယ်လိုလုပ်ထားလဲ အသေးစိတ်ကတော့ ကျနော်တို့ မသိရသေး ဘူ။ နောက် တွေ့ဖြစ်လား မတွေ့ ဖြစ်ဘူးလား ကျနော်တို့ မသိရသေးဘူး။ ညလောက်မှ အဆက် အသွယ်ရရင် ကျနော်ပြောနိုင်ပါတယ်”ဟု ဆိုသည်။
နန်းမိုဟွမ် ဖမ်းဆီးခံရမှုကြောင့် TNLA ၏ မဟာမိတ်အဖွဲ့ ဖြစ်သည့် FPNCC သို့ သူမ၏ မိသားစု ဝင်များနှင့် သူမ လွတ်မြောက်ရေး လုပ်ဆောင်နေသည့် ရှမ်း အရပ်ဘက်အဖွဲ့စည်းများက FPNCC သို့ စက်တင်ဘာလ ၃ ရက်က တောင်းဆိုခဲ့သည့်အတွက် ဝင်ရောက် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။
FPNCC အမြဲတမ်းကော်မတီက နန်းမိုဟွမ် ဖမ်းဆီးခံရမှုနှင့် သက်ဆိုင်သည့် အခြေအနေများကို တလနီးပါး မေးမြန်းစုံစမ်းခဲ့ပြီး TNLA နှင့် ပဏာမ ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နန်းမိုဟွမ်၏ အစ်မဖြစ်သူ နန်းမိုခမ်းက “ကျမတို့ ဘာမှ မကြားသေးဘူးရှင့်။ ပန်ခမ်းကိုသွားတဲ့ လူတွေကလည်း ပြန်မရောက်သေးတော့ မသိရသေးဘူးရှင့်။ သူတို့ ပြန်လာမှဘဲ သိရမယ်”ဟု ဧရာဝတီသို့ ပြောသည်။