မြန်မာနိုင်ငံ အလယ်ပိုင်း ပုပ္ပားတောင်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် အတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြသော်လည်း တစုံတရာ သဘော တူညီမှု မရသေးကြောင်း သိရသည်။
အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်မည့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရေးအတွက် ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် အပစ်ရပ် ၁၀ ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေး ကို အောက်တိုဘာ ၁၀ ရက်က စတင်ပြုလုပ်နေခြင်း ဖြစ်သည်။
အစည်းအဝေး တက်ရေး၊ မတက်ရေး အတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ရာတွင် အပစ်ရပ် ၁၀ ဖွဲ့အနက် အင်အား ကြီး ၂ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ က အဆင်သင့် မဖြစ်သေးသည့်သဘော တင်ပြသဖြင့် ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်ခဲ့ရသည်ဟု တိုင်းရင်းသား ခေါင်းဆောင် တချို့က ဆိုသည်။
PPST အစည်းအဝေး တက်ရောက်သူ တဦးက “ထိပ်သီးအစည်းအဝေး တက်ရေး၊ မတက်ရေးက ဆွေးနွေးတာ အဆင် မပြေသေးဘူး။ ဆုံးဖြတ်ချက် ချလို့ မရဘူးဖြစ်နေတယ်။ ဆက်ဆွေးနွေးရဦးမယ်။ ဘယ်လို အဖြေထွက်လာမလဲ မသိ ဘူး” ဟု ပြောသည်။
အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရနှင့် ၎င်းတို့ကြား ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို အဖြေရှာနိုင်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာချင်း ဆိုင် ဆွေးနွေးနိုင်ရေး အတွက် အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တင်ပြပြီးနောက် အစိုးရက ထိပ်သီးဆွေးနွေးပွဲကို မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ပုပ္ပား တောင်ဒေသတွင် ပြုလုပ်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၅ ရက်က သမ္မတအိမ်တော်တွင် ၂ ပတ် တကြိမ် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားသည်။
ထိပ်သီးဆွေးနွေးပွဲကို အစိုးရဘက်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင် တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုး ထားသော ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် တိုက်ဆိုင်ပြုလုပ်ခြင်းဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်ရန်လည်း ဖိတ်ကြားထားသည်။
ဦးဇော်ဌေး က “EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) ခေါင်းဆောင်တွေကို အကုန်လုံး တက်ပေးဖို့ မေတ္တာ ရပ်ခံ ထားတယ်။ တက်လည်း တက်စေချင်တယ်။ တက်မှလည်း တစ်ဆို့နေတာတွေ ပြတ်မှာ မတက်ဘဲနဲ့ ရှောင်နေ တယ် ဆိုရင်တော့ ပြတ်ဖို့ခက်တယ်။ ခက်တယ် ဆိုရင်တော့ တကယ့် ငြိမ်းချမ်းရေးကို လိုလားသလား၊ မလိုလားဘူးလား ဆိုတာ ဒီအစည်းအဝေး တက်ခြင်း မတက်ခြင်းနဲ့ ဆိုင်လိမ့်မယ်”ဟု ပြောဆိုထားသည်။
ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အချက် ၅ ချက်မှာ လာမည့် ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးမည့် အကြောင်း အရာ၊ အရေးကြီးသည့် ဒီမိုကရေစီ ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ကျင့်သုံးနေသည့် နိုင်ငံရေး မူဘောင် ပြန်လည် သုံးသပ်ခြင်း၊ နိုင်ငံရေးအရ အရေးကြီးသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်များကြား သဘောတူညီ
ချက်များထား၍ ဆက်လက် ဆောင်ရွက်သည့် နည်းလမ်းနှင့် ညီလာခံတွင် NCA မထိုးရသေးသည့်သူများ အားလုံး ပါဝင်လာအောင် ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်း သိရသည်။
KNU ကတော့ အစိုးရဘက်က ထုတ်ပြန်ထားသော အောက်တိုဘာလ ၁၅ ရက် ထိပ်သီး အစည်းအဝေးကို တက်ရောက် ရန် အဆင်သင့် မဖြစ်သေးကြောင်း မကြာခင်ရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ထားသည်။
ယနေ့ ချင်းမိုင်မြို့တွင်ပြုလုပ်သော PPST အစည်းအဝေးတွင် RCSS အဖွဲ့ကပါ KNU နှင့် အတူ ရပ်တည်ခဲ့ကြောင်း၊ သို့သော် ဆွေးနွေးမည့် အကြောင်း အရာများကို ရွှေ့ဆိုင်းပြီး NCA ရေးထိုးခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ခြင်း သို့မဟုတ် အခြားနည်းလမ်း တခုခု ရှာ၍ တက်ရောက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်းလည်း သိရ သည်။