သတင်း

အမေရိကန် အကူအညီနှင့် ကင်ဆာဆေးများ အခမဲ့ ပေးနိုင်ရန် စီစဉ်နေ ဟုဆို

Want create site? Find Free WordPress Themes and plugins.

အမေရိကန် နိုင်ငံ အကူ အညီဖြင့် မြန်မာနိုင်ငံသို့ ကင်ဆာဆေးဝါးများ အခမဲ့ ပေးအပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရုံးတွင် အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး အတွက် မီဒီယာမှ တဆင့် လူထု လှုံ့ဆော် လှုပ်ရှားပွဲ စတင် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနား အပြီးတွင် မီဒီယာများကို ပြောခြင်း ဖြစ်သည်။

ဒေါက်တာ မြင့်ထွေး က “အမေရိကန်မှာ ရှိတဲ့ ဆေးကုမ္ပဏီကြီးတွေ အကုန်လုံးက ဆေးတွေ အလကားပေးတာ။ အဲဒါကို ကျနော် တို့ကို ပေးတော့မယ်။ ကျနော်တို့ နောက်ဆို အလကားရမယ်” ဟု ဆိုသည်။

ကင်ဆာဆေးဝါး သာမက ဆီးချို၊ သွေးချို ဆေးများပါ အခမဲ့ ပေးအပ်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနသို့ ချပေးသည့် ၁ နှစ်တာ အတွက် ဘတ်ဂျက် အသုံးစရိတ်မှာ ကင်ဆာ ဆေးများ၊ နှလုံးနှင့် သက် ဆိုင်သည့် ဆေးများ အများဆုံး ဝယ်ယူရကြောင်း၊ ဝယ်ယူရသည့် ဆေးများ၏ ကုန်ကျစရိတ် မြင့်မားနေသော်လည်း ဆေး ပညာ ကျင့်ဝတ် အရ လိုအပ်သည့် ဆေးများကို ဝယ်ယူရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးမိုးက “ ဒါနဲ့ ပတ်သက်သည့် ဆေးတွေ ဝယ်ဖို့ တတ်နိုင်သမျှ လျှော့သွားတဲ့ အတွက် ပိုထွက်လာတဲ့ ဘတ်ဂျက်ကို တခြား လိုအပ်တဲ့ ဆေးတွေ ဝယ်နိုင်မယ်။ တခြား ရောဂါတွေ အတွက် လိုအပ်တဲ့ ဆေးဝါးတွေ ပိုပြီး ဝယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ကင်ဆာဆေးများသည် ဈေးနှုန်း မြင့်မားသဖြင့် ကင်ဆာ လူနာများကို ဆေးရုံတက်၍ ဆေးကုသမှု ခံရာတွင် တတ်နိုင်သမျှ အခမဲ့ ပေးကြောင်းနှင့် လူနာဘက်မှ စိုက်ထုတ် သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချမှုများ ဆောင်ရွက်လျက် ရှိကြောင်း ၎င်း က ဆိုသည်။

အစိုးရ အနေဖြင့် ကင်ဆာ ရောဂါအတွက် တနှစ်ကို စိုက်ထုတ်သုံးစွဲမှု ဘတ်ဂျက် မည်မျှ အသုံးပြုသည်ကို ပြောရန် အတွက် အခက်အခဲ ရှိနေကြောင်း ဒေါက်တာ ကျော်စိုးမိုးက ပြောသည်။

အဆုတ် ကင်ဆာ ရောဂါ ခံစားနေရသူ လူနာရှင် တဦးဖြစ်သူ မခင်ခင်မြင့်ကလည်း “ကင်ဆာ ရောဂါဖြစ်ပြီဆိုရင် ကုဖို့ ပိုက်ဆံရှိမှ အသက် ဆက်ရှင်မယ်။ မကုနိုင်ရင် အသက်ဆုံးခံရမယ့် ရောဂါလိုမျိုး ဖြစ်နေတယ်။ သူက ဆေးရုံကို ကုသနည်း အရ ရက်သိပ်မခြားဘဲ ချိန်း တယ်။ သွေးစစ်ဖို့ အတွက် တရက် ကြိုပြီး သွားရတယ်။ ဆေးသွင်းရမည့် အပတ်ဆိုရင် ၂ သိန်း နဲ့ ၃ သိန်း ပါမှ ရတယ်”ဟု ပြောသည်။

ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (မကူးစက်) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်း က မကူးစက်တတ်သည့် ရောဂါ အမျိုးစား များမှာ ကင်ဆာ၊ သွေးတိုး၊ နာတာရှည် အဆုတ်ရောဂါ အစရှိသည်တို့ ဖြစ်ကြောင်း ပြောဆိုသည်။

ထိုရောဂါများ မဖြစ်ပွားစေရန် အတွက် ကြိုတင် ရှောင်ရှား၍ ကာကွယ်ရန် လိုအပ်ကြောင်း ထိုသို့ ရှောင်ရှားရာတွင် ဆေးလိပ် ဆေးရွက် ကြီး အသုံးပြုမှု လျှော့ချခြင်း၊ အစားအသာက်များ စားသုံးရာတွင် ဆင်ခြင် စားသုံးသင့်ကြောင်း၊ အရက်ကို အလွန်အကျွံ သောက်သုံးမှုများကို လျှော့ချရန်နှင့် ကိုယ်လက်လှုပ်ရှား အားကစားများကို လေ့ကျင့် လိုက်စားခြင်းဖြင့် ထိုသို့သော ရောဂါများကို လျှော့ချနိုင်ကြောင်း ရှင်းပြသည်။

ကူးစက် ရောဂါ အသည်းရောင် အသားဝါရောဂါ (ဘီပိုး) ဖြစ်နေ၍ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရံ၌ ဆေးကုသမှု ခံယူနေသည့် ကိုကျော်ကျော်ကလည်း “သူတို့မှာ စရိတ်မျှပေးတွေ ရှိတယ်လို့တော့ သိတယ်။ တကယ်တမ်း သွားတော့ အဲဒီလိုမျိုး မကြုံခဲ့ရဘူး။ အပြင်ကပဲ ဝယ်သောက်လိုက်ပါ။ ဆေးရုံ မှာတော့ ဒါလေးပဲ ရှိပါတယ်လို့ ပြောတာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ ဆေးရုံကြီး ဖြစ်သဖြင့် အပြင် ဆေးခန်းများတွင် ပြသည့် စရိတ်ထက် ကုန်ကျစရိတ် လျော့နည်းသော်လည်း ရောဂါ တခုအတွက် ဆေးရုံမှ ဆေးများကို လုံလောက်စွာ မချပေးနိုင်သဖြင့် ပြင်ပ ဆေးဆိုင်များမှ ဝယ်သောက်ရာတွင် ရသည့် လစာထဲမှ ၃၀ ရာခိုင်နှုန်း အထိ အကုန်ကျခံ၍ ဝယ်သောက်နိုင်သော်လည်း ၅၀ ရာခိုင်နှုန်းခန့် အကုန်ကျခံ၍ ဝယ်သောက် ရပါက ဝင်ငွေနှင့် ထွက်ငွေ မမျှသဖြင့် ဝယ်၍ မသောက်နိုင်ကြောင်း ကိုကျော်ကျော်က ပြောသည်။

လက်ရှိတွင် အများဆုံး ဖြစ်ပွားနေသည့် ကင်ဆာများမှာ သားအိမ်ခေါင်း ကင်ဆာ ၊ သွေးနှင့် ပတ်သက်သည့် ကင်ဆာ အမျိုး အစားများ၊ အူမကြီး ကင်ဆာ၊ အရိုး ကင်ဆာ ၊ အဆုတ်ကင်ဆာ ၊ ကြွက်သားနှင့် ရင်သား ကင်ဆာများ အများဆုံး ဖြစ်ပွား လျက် ရှိပြီး၊ ထိုရောဂါများ ကို ကုသရာတွင် အချိန်မီ ခွဲစိတ် ကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း စသည့် နည်းလမ်းများဖြင့် ကုသလျက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading