လူ့အခွင့်အရေးအရေး စိုးရိမ်ပူပန်သည့် အကြောင်းပြချက်ဖြင့် နိုင်ငံအပေါ် ကုန်သွယ်မှု ပိတ်ဆို့ရန် ဖိအားပေးမည်ဟု ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်ခဲ့သော်လည်းလည်း ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က တုန်လှုပ်ခြင်းမရှိဘဲ မိမိ ယုံကြည်ချက်အတိုင်း ခိုင်မာစွာ ရပ်တည်နေဆဲ ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအစုအဖွဲ့သို့ ကုန်သွယ်နိုင်သည့် အထူးအခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း EU က ကမ္ဘောဒီးယားနိုင်ငံအား သောကြာနေ့က ပြောဆိုလိုက်ပြီး အလားတူ ပိတ်ဆို့မှုမျိုးကို မြန်မာ နိုင်ငံအား ချမှတ်ရန် စီစဉ်ကြောင်းနှင့် နှစ်နိုင်ငံစလုံးအား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသဖြင့် အပြစ်ပေးရန် အသင့်ရှိကြောင်း EU က ဖြည့်စွက် ကြေညာခဲ့သည်။
အခွန်ကင်းလွတ်ခွင့်ဖြင့် EU နိုင်ငံများထံ ကမ္ဘောဒီးယားမှ ရောင်းဝယ်ဖောက်ကားနေမှု ၆ လစာကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း EU က သတိပေးခဲ့ပြီး အထည်ချုပ်၊ သကြားနှင့် အခြားတင်ပို့ ကုန်များကို ၁၂ လအတွင်း အခွန် စည်းကြပ် နိုင်ဖွယ် ရှိသည်။
ဒေသတွင်း အစည်းအဝေး တက်ရန်အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ဝန်ကြီးချုပ် ဟွန်ဆန်က ဂျပန်ရောက် ကမ္ဘောဒီးယား ကျောင်းသားများနှင့် တွေ့ဆုံခဲ့ရာ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ ဟွန်ဆန်သည် ဆယ်စုနှစ် သုံးစုကြာ အာဏာလက် ဝယ် ရရှိထားသူ ဖြစ်သည်။
“ကမ္ဘောဒီးယားကို သူတို့ ဘာတိုင်းတာမှုနဲ့မဆို အရေးယူချင်သည်ဖြစ်စေ ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကမ္ဘောဒီးယားအနေနဲ့ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ခွန်အားရှိရမှာဖြစ်တယ်” ဟု ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၎င်းလူမျိုး ကျောင်းသား များအား မိန့်ခွန်းပြောကြားရာ ဟွန်ဆန်က ထည့်သွင်းပြောကြားခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ တနင်္ဂနွေနေ့က လွှင့်တင်ထားသည်။
“ကျနော် ဒါကို ထပ်တလဲလဲ ပြောပါတယ်။ နိုင်ငံခြား အကူအညီနဲ့ ကိုယ့်နိုင်ငံအချုပ်အခြာအာဏာ၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးကို လဲမှာ မဟုတ်ဘူးဆိုတာပါ” ဟု သူက ပြောသည်။
ကမ္ဘောဒီယား တင်ပို့ကုန်များအပေါ် ပေးထားသည့် ကုန်သွယ်ခွင့် အထူးအခွင့်အရေး ဖယ်ရှားခဲ့ပါက ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများအတွက်မူ သဘောထားမှတ်ချက် ပေးခဲ့ခြင်း မရှိပေ။
အထွေထွေ ရွေးကောက်ပွဲ ကျင်းပကာ ဟွန်ဆန် အာဏာပြန်ရလာသည့် လက EU အနေဖြင့် ကမ္ဘောဒီးယားကို အထူးကုန်သွယ်မှု အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း ဇူလိုင်လတွင် သတိပေးခဲ့သည်။
ယင်းရွေးကောက်ပွဲသည် ယုံကြည်ရသော အတိုက်အခံများ မပါဝင်ခြင်းနှင့် အခြားအကြောင်းပြချက် များကြောင့် မျှတမှု မရှိဟု အခွင့်အရေး အုပ်စုများက ပြောသည်။
အဓိက အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို ယမန်နှစ်က အစိုးရ တောင်းဆိုချက်ကြောင့် ဗဟိုတရားရုံးချုပ်က ဖျက်သိမ်းခဲ့သည့်အတွက် ရွေးကောက်ပွဲ မဝင်နိုင်ခဲ့ပေ။
ထို့ပြင် CNRP ခေါင်းဆောင်အများအပြားမှာလည်း ပြည်ပသို့ ထွက်ပြေး နေထိုင်ကြရသည်။
ပြီးခဲ့သည်နှစ် EU နိုင်ငံများသို့ ကမ္ဘောဒီးယား ပို့ကုန်တန်ဖိုးမှာ ယူရို ၅ ဘီလီယံရှိခဲ့ကြောင်း EU စာရင်းများအရ သိရသည်။ ယင်းတန်ဖိုးသည် ဆယ်စုနှစ် တခုအတွင်း သိသာစွာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ့စီးပွားအတွက် ချည်မျှင်၊ အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းမှာ အထူး အရေးပါပြီး အထည်ချုပ် ကဏ္ဍမှာ တိုင်းပြည် အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄၀ ရာခိုင်နှုန်း ရှိသည်။
ယင်းကဏ္ဍတွင် လုပ်သားပေါင်း ၈ သိန်းကျော် လုပ်ကိုင်လျက် ရှိသည်။ EU နှင့် အမေရိကန်တို့မှာ ကမ္ဘောဒီးယား၏ ပို့ကုန် အများဆုံး ဝယ်ယူရာ ဈေးကွက်နိုင်ငံများဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ အဆိုအရ သိရသည်။
(Cambodia’s Hun Sen defiant despite EU trade threat အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)