မူးယစ်ဆေးဝါး ဥပဒေသစ်နှင့် လိုက်လျော ညီထွေဖြစ်စေမည့် နည်းဥပဒေကို ပြင်ဆင်နေကြောင်း မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ် ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းကိုကိုက ဧရာဝတီကို ပြောသည်။
ဒုရဲမှူးကြီး ဝင်းကိုကိုက “ဝရမ်းက အရင်တုန်းက မြို့နယ်မှူးဆီကပဲ ယူနေရတာပေါ့ဗျာ။ ကျနော်တို့ မူးယစ်က ကြီးကြပ် သူ ရှိတယ်။ ကြီးကြပ်သူဆီက ယူတယ်။ မြို့နယ်မှူး ဆီက ယူတယ်ပေါ့ဗျာ။ အခုကတော့ ရထား ဆိုရင်လည်း ရထား တပ်ဖွဲ့ ကို လုပ်ပိုင်ခွင့် ပေးတာမျိုးပေါ။့ ကျန်တဲ့ တပ်ဖွဲ့တွေကိုပါ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဝရမ်း ထုတ်ပေးပိုင်ခွင့် တွေ ပေးတာမျိုးပေါ့”ဟု ဆိုသည်။
၁၉၉၃ ခုနှစ် မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများ ဥပဒေ၊ ၁၉၉၅ ခုနှစ် နည်းဥပဒေ တို့ဖြင့် ဆောင်ရွက်နေရာမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မူးယစ် ဥပဒေသစ် ပြဋ္ဌာန်းခဲ့ပြီးနောက် ယင်း ဥပဒေသစ်နှင့် လိုက် လျောညီထွေ ဖြစ်စေရန် နည်းဥပဒေကိုလည်း ယခုနှစ်အတွင်း ပြင်ဆင် ပြီးစီးနိုင်ရန် ရည်ရွယ် လုပ်ဆောင်နေကြောင်း သိရသည်။
ယခင် နည်းဥပဒေ ရေးဆွဲစဉ်က ခရိုင် ရဲတပ်ဖွဲ့နှင့် တပ်ဖွဲ့ခွဲများ၊ ဒုတိယ အရာရှိ အဆင့်များ မရှိသေး၍ ထည့်သွင်း နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခု တိုးချဲ့ထားသော ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင် ထည့်သွင်း မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒုရဲမှူးကြီး ဝင်းကိုကိုက “ကျနော်တို့ ဥပဒေ ဆွဲတုန်းက ခရိုင် ရဲတပ်ဖွဲ့တို့မရှိဘူး။ ဒု တိုင်းတို့ ဒု ပြည်နယ်တို့ မရှိဘူး။ အဲဒီလိုဟာတွေက ဥပဒေ ထဲမှာ မပါတော့ ဝရမ်းထုတ်ပေးပိုင်ခွင့် မရှိဘူး ဖြစ်နေတာပေါ့။ ကျနော်တို့ မူးယစ်ဆိုလည်း တပ်ဖွဲ့ခွဲ ၃ခု ခွဲထားတာယ်။ အဲဒီ တပ်ဖွဲ့ခွဲက တပ်ဖွဲ့ခွဲမှူးတွေပေါ့။ ဒုတိယ ရဲမှူးကြီးတွေက အဲဒီ ဥပဒေအရ ဝရမ်း ထုတ်ပေး ပိုင်ခွင့် မရှိဘူး ဖြစ်နေတာပေါ့။ အဲဒီဥစ္စာကို ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံနဲ့ အညီ ဖြစ်အောင် ပြန်ထည့်တာပေါ့” ဟု ပြော သည်။
မူးယစ် ဥပဒေ သစ်တွင် သုံးစွဲသူကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ချမှတ်နိုင်သော ပုဒ်မ ၁၅ ကို ပယ်ဖျက်လိုက်ပြီး လူမှု အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် ပြစ်ဒဏ် လျှော့ချခြင်း၊ ဆေးကုသခွင့်နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များ လုပ်ကိုင်ခွင့် ပိုမို ရရှိလာကြောင်း၊ နည်းဥပဒေတွင်လည်း ယင်းအချက်များကို အဓိက အကောင်အထည် ဖော်ရန် ပြင်ဆင် နေကြောင်း သိရသည်။
သုံးစွဲသူများအား ဆေးကုသရေး အပိုင်းကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် အတွက် နည်းဥပဒေ ပြင်ဆင်ရာတွင် စာသားအချို့ ပြောင်းလဲရုံတင် မဟုတ်ဘဲ ထိရောက်သော ဖြေလျှော့မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း နည်း ဥပဒေ ရေးဆွဲရာတွင် အကြံပေး ဆွေးနွေးမှုများ ပြုလုပ်နေသူ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) မြန်မာမှ ဥပဒေ အကြံပေး တရား လွှတ်တော် ရှေ့နေ ဦးသန်းမောင် က ပြောသည်။
“အထူးသဖြင့် လူထုကို အခြေခံတာဆိုတော့ ဆေးရုံ ဆေးခန်းတွေကို ကန့်သတ်တာတွေ၊ ဆရာဝန်တွေကို ကန့်သတ် တာ တွေ တတ်နိုင်သမျှ ဖြေလျှော့နေတယ်။ ဆေးကုသတဲ့ လိုင်စင်ရှိမှ၊ မူးယစ်ဆေးဝါးကို ကုသခွင့် ရှိမှ ကုရမယ်။ ကုတဲ့ ဆရာ ဝန်ကို အရေးယူရမယ် ဆိုတာကို တတ်နိုင်သမျှ ဖြေလျှော့လာပြီး စည်းနဲ့ စနစ်နဲ့ ဘောင်ထဲမှာ ဆေးကု နိုင်အောင် ကြိုးစား နေတာပေါ့နော်။ ဟာကွက်၊ ပျော့ကွက်တွေ ပါသွားရင် တလွဲ အသုံးချမှာ စိုးရိမ်ရတာပေါ့”ဟု ဦးသန်းမောင် က ဆိုသည်။
မူးယစ် ဥပဒေသစ်တွင် မိမိသဘော ဆန္ဒအလျောက် ဆေးကုသ ခံယူနိုင်ခြင်း၊ ဆေးသုံးစွဲသည့် ပြစ်ဒဏ်များကို ထူးခြား သည့် ပြောင်းလဲမှုများ ဖြစ်ကြောင်း၊ ဆေးစွဲသူများသည် သုံးစွဲသည့် စိတ်ခံစားချက် အခြေအနေ မတူညီ သကဲ့သို့ စမ်းသုံး သည့် အဆင့်၊ စွဲလမ်းစွာ သုံးစွဲနေသည့် အဆင့် စသည်ဖြင့်လည်း မတူညီကြောင်း ၎င်းတို့ကို တဦးချင်းစီ ခွဲခြား ကုသ ပေးနိုင်ရန် လိုအပ်ကြောင်း နည်းဥပဒေ ရေးဆွဲရာတွင် ပါဝင် ဆွေးနွေးသူ ဒေါက်တာ နန္ဒမျိုးဆောင်ဝမ်း က ပြော သည်။
“လူတဦးချင်းစီကို ခွဲခြားကုသနိုင်ဖို့၊ ပြင်းထန်မှုတွေကိုလည်း ခွဲခြားနိုင်ဖို့လည်း လိုပါတယ်”ဟု ၎င်းက ပြောသည်။
မူးယစ် နည်းဥပဒေကို ဥပဒေသစ် ပြဋ္ဌာန်းပြီး ကတည်းက ရေးဆွဲ ဆောင်ရွက်ခဲ့ပြီး ယခုအခါ အဆင့်မြင့် အရာရှိများ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ထားကြောင်း၊ ဆက်လက်ပြီး နည်းဥပဒေ ရေးဆွဲရေး ကော်မတီ၊ ဝန်ကြီးဌာန ဥပဒေကြမ်း ကော်မတီ၊ ဥပဒေ အကြံပေး ကော်မတီများဖြင့် ဖြည့်စွက် ပြင်ဆင်ပြီး ရှေ့နေ ချုပ်ရုံး၊ သမ္မတရုံးများသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။