ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နှင့် မုဒဟန် အဝေးပြေး ခရီးသည်တင် ယာဉ်ပေါ်ပါ ဝန်စည်စလွယ်များထဲတွင် ကျားအရိုးခေါင်းများ၊ အရိုးများနှင့် အသားခြောက်များကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ယာဉ်ပေါ်ပါ ဗီယက်နမ်လူမျိုး နှစ်ဦးအား မနေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဖိစနုလွတ် အဝေးပြေးယာဉ်စခန်း ၁ တွင် ယာဉ်ခေတ္တနားစဉ် ယာဉ်ဝန်ထမ်း အသွင်ယူကာ အယောင်ဆောင် လိုက်ပါလာ သော နိုင်ငံခြားသား နှစ်ဦးကို မသင်္ကာဖြင့် ရဲက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ရဲများ ရောက်ရှိလာချိန်တွင် အဆိုပါ ဗီယက်နမ်လူမျိုး နှစ်ဦးမှာ နှစ်ထပ်ယာဉ်၏ အပေါ်ထပ်တွင် ထိုင်နေကြပြီး ၎င်းတို့ ခန္ဓာကိုယ်အား ရှာဖွေရာ တရားမဝင် ပစ္စည်း တစုံတရာ မတွေ့ရပေ။
ယင်းနောက် ယာဉ်ပေါ်ပါ ၎င်းတို့ အပ်နှံထားသည့် ဝန်စည်စလွယ်များ ထားရှိရာအခန်းအား ထပ်မံ ရှာဖွေခဲ့ရာ ကျားအရိုးများနှင့် အသားခြောက်များ ထည့်ထားသော အနက် ပလတ်စတစ်အိတ်များအား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ အရွယ်ရှိ လီဗင့်နှင့် အသက် ၂၉ နှစ်ရှိ ငုယင်ဗန်တန်တို့ကို ဖစ်စနုလော့ ရဲစန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမှုများ လုပ်ခဲ့သည်။
၎င်းတို့သည်း ယင်း တိရစ္ဆာန်ထွက်ပစ္စည်းများကို တာ့ခ်ခရိုင်ရှိ ထွန်း ဆိုသူ၏ နေအိမ်မှာ ဘတ်ငွေ ၃ သောင်းဖြင့် ဝယ်ယူလာခြင်းဖြစ်ကြောင်း ရဲက ပြောသည်။
ဝယ်ယူပြီးနောက် တာ့ခ်ခရိုင် မဲ့ဆောက်မှ အဝေးယာဉ်ဖြင့် မက်ဒဟန်သို့ လာခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ စစ်ဆေးမေးမြန်းချက်များအရ သိရသည်။
ဖမ်းမိရမိသူ နှစ်ဦးသည် ဗီယက်နမ်နိုင်ငံရှိ ကျားသားနှင့် အရိုးများ မှောင်ခို ရောင်းဝယ်မှုလုပ်နေသည့် ဂိုဏ်းတခုမှ ဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သံသယ ရှိသည်။
၎င်းတို့ကို တောရိုင်းတိရစ္ဆာန် ကာကွယ်မှု ဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင် အရေးယူမည်ဟု သိရသည်။
(Vietnamese caught smuggling tiger bones, meat on bus အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)