ဗိုလ်ချုပ်ဟောင်းများနှင့် ဝန်ကြီးဟောင်းများ ရယူထားသည့် နေပြည်တော်ရှိ သရက်ခြံဇုန် စီမံကိန်းများ အပါအဝင် မြေလွတ် မြေရိုင်းများကို စတင် စစ်ဆေးနိုင်မည့် အဖွဲ့တဖွဲ့ ဖွဲ့စည်းခွင့်အား နေပြည်တော် ကောင်စီက အောက်တိုဘာ လ ၉ ရက်တွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။
ယင်း မြေလွတ်၊ မြေရိုင်း ဧရိယာများအား ကွင်းဆင်း စစ်ဆေးရေး အထူး အဖွဲ့ဖြင့် စစ်ဆေးခွင့်ပြုရန် မန္တလေးတိုင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၏ တင်ပြချက်ကို နေပြည်တော် ကောင်စီသို့ သြဂုတ်လ ၂၉ ရက်က တင်ပြခဲ့ရာ ယင်းကောင်စီက မြေလွတ်၊ မြေရိုင်း ဧရိယာများနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ အောင်သူထံသို့ ထပ်ဆင့် တင်ပြ ခဲ့ရသည်ဟု ဆိုသည်။
ဦးမောင်မောင်ဆွေက“ဒီအခု စာကျတော့ တောင်သူတွေရဲ့ တိုင်ကြားစာကြောင့်လည်း ပါတယ်။ ဟိုတလောက တောင်သူ ၁၆၉ ဦးရဲ့ တိုင်ကြားစာကြောင့် သွားစစ်တယ်။ အဲဒီမှာ အခက်အခဲ နည်းနည်းရှိတဲ့ အခါဒါကဗဟိုကို ကျနော့် အနေနဲ့ နေပြည်တော် ကောင်စီကနေ ခွင့်ပြုချက် တောင်းလိုက်တဲ့ သဘောပဲ”ဟု ရှင်းပြသည်။
နေပြည်တော် ပြည်ထောင်စု နယ်မြေ ဥတ္တရ သီရိမြို့နယ် ဇလောင်းကျေးရွာ အနီး၌ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ ရယူထားသည့် မြေဧက ၉၀၀ ကျော်ကို မြေလွတ်၊ မြေရိုင်းများ စိစစ်ရေး အထူးအဖွဲ့တခုက ဦး ဆောင် စိစစ်မည့် ကိစ္စအား အကြောင်း အမျိုးမျိုးဖြင့် သြဂုတ်လကုန်ပိုင်းက ယာယီ ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။
ဥတ္တရသီရိ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ကလည်း သရက်ခြံ ကိစ္စ မြို့နယ်အဆင့် အနေဖြင့် စိစစ်ရာတွင် မပါဝင်ကြောင်း၊ နေပြည်တော် ကောင်စီကနေ မြေလွတ်မြေရိုင်းနှင့် ပတ်သက်ပြီး အဖွဲ့တဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေ ကြောင်း၊ မြို့နယ်အပိုင်းကမူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်း မျှသာ ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
ယခုတခေါက်၌ မြေလွတ်၊ မြေရိုင်း ဗဟိုကော်မတီ၏ သတ်မှတ်ချက် ၃ ချက် ဖြစ်သည့် ဗဟိုကော်မတီမှ ခွင့်ပြု ထား သော မြေဧရိယာများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု နည်းဥပဒေနှင့် အညီ စိစစ်ဆောင်ရွက် တင်ပြ ရန်၊ ယခင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ခွင့်ပြုထားသော မြေဧရိယာများနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့် ရရှိထားသူက ဥပဒေနှင့် အညီ ခွင့်ပြုမိန့် လျှောက်ထားရန်နှင့် သရက်ဇုန် နယ်မြေ ဖြစ်ပါက စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရန်ဟု နေပြည်တော် ကောင်စီ၏ အမိန့်စာတွင် ဖော်ပြထားသည်။
ယခု ကိစ္စတွင် သမ္မတဟောင်းနှင့် အာဏာရှိခဲ့သူများ ပါဝင် ပတ်သက်နေ၍ လူအများက အမြင်လွဲမှားမှု ရှိကြောင်း၊ ၎င်းတို့ လုပ်နေသည်မှာ လူပုဂ္ဂိုလ်ကို မစဉ်းစားဘဲ ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ပေးထားသည့် လုပ်ငန်းရှင်များ အမှန် တကယ် လုပ်ငန်း ဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံတဝန်းတွင်လည်း လုပ်ငန်း မလုပ်နိုင်သည့် မြေများကို ပြန်လည် သိမ်းယူမှုများ ရှိနေကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။
“နေပြည်တော်မှာလည်း ဧက ၁၂၀၀၀ လောက် ပြန်သိမ်းဖို့ တင်ထားပြီးပြီလေ။ ကျနော်တို့က ဘယ်သူဘယ်ဝါရယ် ဆို တာထက် ဒီ လုပ်ငန်းရှင်က လုပ်ပိုင်ခွင့် ရယူထားတုန်းက စနစ်တကျ လုပ်ပိုင်ခွင့် ရယူထားတာလား။ ဘယ်လိုနည်းနဲ့ ရယူထားတာလဲ။ လုပ်ပိုင်ခွင့် ရယူထားပြီး နောက်ပိုင်းမှာ စီမံကိန်း အကောင်အထည်ဖော်လား၊ မဖော်ဘူးလား။ အဲဒါ တွေပဲ စစ်မှာ။ ပေါ့ပေါ့ပါးပါးပါပဲ”ဟု ၎င်းက ဆိုသည်။
သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ၁၆ ဦး၏ မြေများ စိစစ်ခံရမည့် နေရာမှာ သရက်၊ သစ်မွှေးနှင့် ရော်ဘာ ကဲ့သို့ သော စက်မှုသီးနှံ ၃ မျိုးကို စိုက်ပျိုးခွင့် ပြုထားသည့် မြေနေရာများ ဖြစ်ကြောင်း၊ မြေ ၁ ဧကလျှင် ကျပ် ၅ သောင်း နှုန်း ဖြင့် အနည်းဆုံး ဧက ၅၀ ဝယ်ယူရသည့် မည်သည့် လုပ်ငန်းရှင်မဆို ဝယ်ယူနိုင်ခဲ့သည့် မြေများ ဖြစ်ကြောင်း လုပ် ငန်းရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောဆိုထားသည်။
ယခု အကြိမ် စိစစ်မှုများ စတင်နိုင်ရန် အဖွဲ့များ ဖွဲ့ခြင်း၊ အစည်းအဝေးများ ခေါ်ခြင်းတို့ ပြုလုပ်ရဦးမည် ဖြစ်ပြီး ယင်း အဖွဲ့တွင် ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကာ ဌာနဆိုင်ရာ ကိုယ်စားလှယ်များက ဦးဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ စိစစ်ရမည့် မြေများသည် မြေရာဇဝင် ရှုပ်ထွေးသည့် သမိုင်းကြောင်းများ ရှိနေသဖြင့် တခုချင်းစီ သေချာ စိစစ် ရမည် ဖြစ်ကြောင်း၊ စိစစ်ရမည့် ကိစ္စမှာ သရက်ဇုန် သာမက နိုင်ငံတော် စာရင်းတွင် မပါဘဲ ဝန်ကြီး ခွင့်ပြုချက်ဖြင့် ကြို တင် ရယူထားသည့် ကိစ္စများ ပါဝင်ကြောင်းလည်း ဆိုသည်။
“အခု စစ်ဆေးရမယ့် ကိစ္စတွေမှာ အလုံးစုံ စစ်ဆေးနိုင်ပြီလား ဆိုရင်တော့ မဟုတ်ဘူး။ မစစ်ဆေးနိုင်သေးဘူးလို့ ပြောရ မှာပဲ။ ဒါပေမယ့် တဆင့်ချင်းပဲ သွားဖို့ ရွည်ရွယ်ထားတဲ့ အတွက် လောလောဆယ်တော့ ဒီညွှန်ကြားချက် အတိုင်းကို စိစစ် ရမှာပေါ့လေ။ ကျန်တာတွေကိုလည်း ကောင်စီကနေ ဗဟိုကို တင်ပြပြီးတော့ လုပ်သွားမှာပါ”ဟု ဦးမောင်မောင်ဆွေက ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန်
- သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ၏ မြေဧက ၉၀၀ ကျော် စိစစ်မည်
- သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများ ယူထားသည့် မြေများ စိစစ်မည့်ကိစ္စ ဆိုင်းငံ့ထား