Eleven မီဒီယာအုပ်စုမှ သတင်းသမား ၃ ဦးကို အောက်တိုဘာလ ၁၀ ရက်က ဖမ်းဆီးလိုက်ခြင်းကို ကမ္ဘာတဝန်းမှ အယ်ဒီတာများ၊ မီဒီယာအမှုဆောင်များနှင့် သတင်းသမားများ ကွန်ရက် ဖြစ်သော နိုင်ငံတကာ သတင်းသိပ္ပံ (IPI) က ရှုတ်ချလိုက်ပြီး ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ရန်ကုန်တိုင်းအစိုးရမှနေ၍ Weekly Eleven စာစောင်တွင် ဖော်ပြခဲ့သည့် ၎င်းတို့အား ဝေဖန်သည့် ဆောင်းပါးတခုကြောင့် ကြောင့် အယ်ဒီတာများ ဖြစ်သည့် ဦးကျော်ဇောလင်းနှင့် ဦးနရီမင်း၊ သတင်းထောက်ချုပ် ဦးဖြိုးဝေတို့ကို ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ အစိုးရကို အကြည်ညို ပျက်စေမှုဖြင့် ထိုသတင်းသမားများကို စွဲချက်တင်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။
၎င်းတို့သည် အာမခံ လျှောက်ထားနိုင်ခြင်း မရှိဘဲ ဥပဒေ ချိုးဖောက်ကြောင်း တွေ့ရှိပါက ထောင် ၇ နှစ်အထိ ချမှတ်ခံရနိုင်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအပေါ် ဝေဖန်သည့် ထိုဆောင်းပါးတွင် တိုင်းအစိုးရအပေါ် စွပ်စွဲထားသည့် မှားယွင်းစီမံခန့်ခွဲမှုများနှင့် လွှတ်တော်၏ ခွင့်ပြုချက်မရ Yangon Metropolitan Public Company သို့ ငွေ ထုတ်ချေးခြင်းကို ဝေဖန်ထားသည်။ ရန်ကုန်တိုင်းအစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် ရှယ်ယာပေါင်း ၆၀၀၀၀၀ကျော် ပိုင်ဆိုင်ထားသည်။
IPI ၏ ထောက်ခံကူညီရေး အကြီအကဲ ရာဘီ အာ ပရာဆပ်က “Eleven မီဒီယာ အုပ်စုမှ သတင်းသမားများကို ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်မှုကို စော်ကားလိုက်ခြင်း ဖြစ်ပြီး မြန်မာအစိုးရသည် ဒီမိုကရေစီကို မယုံကြည်သော အာဏာရှင်အစိုးရ ဖြစ်လာရန် နီးစပ်လာကြောင်း ပြသနေသည်” ဟု ပြောပြီး ထိုသတင်းသမားများကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
၎င်းက ဆက်လက်ပြီး “ထိုသတင်းသမားများသည် အစိုးရ၏ စီမံခန့်ခွဲကို ဖေါ်ထုတ်သည့် ၎င်းတို့၏ လုပ်ငန်းတာဝန်ကို ဆောင်ရွက်နေခြင်းသာ ဖြစ်သည်” ဟု ဆိုသည်။
မြန်မာအစိုးရနှင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် Reuters သတင်းသမားများဖြစ်သော ကို ဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ ဥပဒေဖြင့် သြဂုတ်လက ထောင် ၇ နှစ် ချထားခြင်းအတွက်လည်း အပြင်းအထန် ဝေဖန်ခံနေရသည်။
ပရာဆပ် က “နိုင်ငံတကာ ဝေဖန်မှုများရှိသော်လည်း သတင်းသမားများကို ဖမ်းဆီးခြင်းဖြင့် ဝေဖန်သူ များကို အသံ တိတ်သွားအောင် လုပ်ဆောင်နိုင်သည်ဟု မြန်မာအစိုးရသည် ယုံကြည်နေသည့် သဘောဖြစ်နေသည်။
နေအိမ် အကျယ်ချုပ်ဖြင့် ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် သတင်းသမားများ သည်လည်း အစိုးရ နှင့် နိုင်ငံမှ အများပြည်သူနှင့် ဆိုင်သူများ၏မှားယွင်းသော လုပ်ရပ်များကို မဖြစ်နိုင်လောက်အောင် ခက်ခဲ့သည့် အခြေအနေတွင် စုံစမ်းဖော်ထုတ်နေသည်” ဟု လည်း ပြောသည်။
(IPI demands release of Eleven Media journalists in Myanmar အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)