ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် (WYU) အဝင်လမ်းအား ပြုပြင်ပေးရန်နှင့် ယာဉ်လိုင်းများ အချိန်မှန် ပြေးဆွဲပေးရန် အတွက် တောင်းဆိုကြကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ WYU ဆရာ/ဆရာမများ သမဂ္ဂမှ တိုင်းအစိုးရ အဖွဲ့ထံ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက အဆိုပါ လမ်းပိုင်းအား ပြင်ဆင်ပေးမည်ဟု စက်တင်ဘာ၂၆ ရက်က ကျင်းပ သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သော်လည်း ယနေ့ အထိ လမ်းပြင်ဆင်မှု လုပ်ငန်းများ ဆောင် ရွက်ခြင်း မရှိတော့ကြောင်း ဆရာ/ဆရာမများ သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဦးစိုးကိုကိုသူ က ပြောသည်။
ဦးစိုးကိုကိုသူက“တရက်၊ နှစ်ရက်ပဲ အပေါက်လေးတွေ ဖာပြီး နောက်ထပ် ဘာမှ မလုပ်တော့ဘူး။ ပြင်မယ်ဆိုပြီး မပြင် လို့ ရှင်းလင်းပွဲ လုပ်ရတာ”ဟု ပြောသည်။
တက္ကသိုလ်သို့ အဝင်လမ်း အဝိုင်းမှ ကျောင်းရှေ့အထိ ၃ မိုင်ကျော် ရှည်လျားသည့် လမ်းပိုင်းအား နှစ်လမ်းသွား ဖောက် လုပ်ထားပြီး လူသွားလမ်း ပလက်ဖောင်း ပြုလုပ်ထားခြင်း မရှိခြင်းကြောင့် ကျောင်းသား/သူများ အတွက် အန္တ ရာယ် များလှကြောင်း ဆရားများက ပြောဆိုသည်။
ပြီးခဲ့သည် စာသင်နှစ် အတွင်း ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အဝေးသင် ကျောင်းသူ တဦး အသက်ဆုံးရှုံးခဲ့ရ ပြီး တချို့သော ယာဉ်လိုင်းများမှာ ကျောင်းအထိ ပြေးဆွဲပေးခြင်း မရှိသည့်အတွက် သွားလာရေး အခက်အခဲ တွေ့ရ ကြောင်း WYU ကျောင်းသား သမဂ္ဂရုံး တာဝန်ခံ မအိသီရိကျော် က ပြောသည်။
မအိသီရိကျော်က “အစိုးရက ကျမတို့ ကျောင်းကို လျစ်လျူရှုထားတယ် လို့ ခံစားရတယ်။ အခု ကျောင်းသွားရင် ကားတွေ ကို ကျောင်းကို တကယ် ရောက်မရောက် အရင် မေးနေရတယ်။ ယာဉ်လိုင်းတွေကို ကြပ်မတ်စေချင်တယ်။ လူသွားလမ်း ပလက်ဖောင်းတွေလည်း လုပ်ပေးစေချင်တယ်”ဟု ဆိုသည်။
ကားလမ်းများ ပျက်စီးခြင်းနှင့် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးရေး အတွက် WYU မှ ကျောင်းသား/သူများ လက်မှတ် တသောင်းကျော်ဖြင့် အစိုးရ အဖွဲ့ထံ တင်ပြ တောင်ဆိုမှုများကို စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သော်လည်း ပြန် လည် အကြောင်းပြန်ခြင်း မရှိကြောင်းလည်း ၎င်းက ပြောသည်။
လတ်တလော၌ YBS ၂၁ ယာဉ်လိုင်းမှ ကျောင်းသို့ ပြေးဆွဲလျက် ရှိသော်လည်း ယှဉ်ပြိုင် မောင်းနှင်ခြင်း၊ ယာဉ်တချို့ က ကျောင်းအထိ ပြေးဆွဲပေးမှု မရှိခြင်းများ ကြုံတွေ့ရပြီး ၉၃ ယာဉ်လိုင်းသည်လည်း ကားရပ်နားရန် နေရာ အခက်အခဲ အကြောင်းပြ၍ ယနေ့ အချိန်အထိ ပြေးဆွဲပေးခြင်း မရှိကြောင်း သမဂ္ဂ တာဝန်ရှိသူများ က ပြောဆိုကြသည်။