ရခိုင်ပြည်နယ် ပေါက်တောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးမှာ ယနေ့ နံနက်ပိုင်းက သူ့ကိုယ်သူ သေနတ်ဖြင့် ပစ်ခတ်ပြီး သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ သေဆုံးသွားသူမှာ ရဲတပ်သား အောင်မြင့်သိန်း ဖြစ်ပြီး ယနေ့နံနက် ၈ နာရီကျော်က ၎င်းနေထိုင်သည့် စခန်း၏ လူပျိုဆောင်တွင် သူ့ကိုယ်သူ သေနတ်ဖြင့် ပစ်ခတ်ကာ သေဆုံးနေသည် တွေ့ရှိခဲ့ခြင်း ကြောင်း ပေါက်တောမြို့မ စခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သန်းဌေးက ပြောသည်။
ရဲအုပ်သန်းဌေးက “ ဒီနေ့ နံနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ သူအိပ်တဲ့ လူပျိုဆောင်မှာ ကိုယ့်နားထင် ကိုယ့်သေနတ်နဲ့ ပစ်ပြီး သေနေတာကိုတွေ့တယ်။ ဘာကြောင့် အဲလို လုပ်ရတယ်ဆိုတာတော့ မသိရသေးဘူး ” ဟု ဧရာဝတီသို့ ပြော သည်။
ရဲတပ်သား ကိုအောင်မြင့်သိန်း မိမိကိုယ်ကို ပစ်ခတ်ခဲ့သည့် သေနတ်မှာ လုပ်သေနတ် အမျိုးအစား ဖြစ်ပြီး မည်သည့် အကြောင်းရင်းကြောင့် သတ်သေ ရသည်ကို မသိရသေးကြောင်း ရဲအုပ် သန်းဌေးက ဆက်လက်ပြောကြား သည်။
သေဆုံးသွားသည့် တပ်သား အောင်မြင့်သိန်းသည် ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့တွင် ဌာနပိုင် ရဲကား မောင်းနှင်းသူ တဦး ဖြစ်ပြီး တခါတရံ မြို့နယ် ရဲတပ်ဖွဲ့မှူး အိမ်တွင်လည်း ဝေယျာဝစ္စသွားရောက် လုပ်ကိုင်ပေး ရသူ ဖြစ်သည်။
ယင်း သေဆုံးသွားသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့် အကြောင်းရင်းများကြောင့် မိမိကိုယ်ကို ပစ်ခတ်သေဆုံး သွားရသည် ဆိုသည့် ကိစ္စရပ်များကို စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်နေ ကြောင်း လည်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။