အမျိုသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်မည့် ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ရန် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ဆုံးဖြတ်လိုက်သည်။
အပစ်ရပ်အဖွဲ့များအနေဖြင့် ထိပ်သီးအစည်းအဝေး တက်ရေးမတက်ရေးကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ယနေ့ ယင်းသို့ ဆုံးဖြတ်ချက် ကျလာခြင်းဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “PPST အဖွဲ့မှာပါတဲ့ ခေါင်းဆောင်တွေ အကုန်လုံးသွားမယ်။ ထိပ်သီးခေါင်းဆောင်ကတော့ ၁၀ ဦးပေါ့။ ရုံးအဖွဲ့တွေလည်း ပါမှာပေါ့” ဟု ဒုတိယနေ့ အစည်းအဝေး အပြီးတွင် ဧရာဝတီသို့ ပြောသည်။
ယင်းထိပ်သီးအစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့မှ ထိပ်ပိုင်းတာဝန်ရှိသူများ တက် ရောက်မည် ဖြစ်သလို အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဘက်မှ ထိပ်သီးခေါင်းဆောင် များလည်း တက်ရောက်ပြီးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြပ်အတည်းများ အရေးကို ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထိပ်သီးအစည်းအဝေးကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တနိုင်ငံ လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော ၃ နှစ်ပြည့် နှစ်ပတ်လည် နေ့ရက်နှင့် တိုက်ဆိုင်ကျင်းပမည်ဖြစ်ပြီး စုစုပေါင်း ၃ ရက်ပြုလုပ်မည်ဖြစ် ကြောင်းသိရ သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ယခင်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်တွင် ပြုလုပ်ရန် အစိုးရဘက်က လျာထားသော်လည်း ယနေ့ အစိုးရနှင့် PPST တို့အကြား ညှိနှိုင်းဆုံးဖြတ် ချက်အရ နေပြည်တော်တွင် ပြုလုပ်ရန် သဘောတူလိုက်ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ က PPST အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
ရဲဘော် သံခဲက “နေရာဟာ ကြီးမားတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတော့မဟုတ်ဘူး။ အခုဟာကတော့ နှစ်ဖက်ညှိနှိုင်းမှု အရ နေပြည်တော်မှာ လုပ်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစာပင်လုံ အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့်၊ လူနည်းစု အခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများချမှတ်နိုင်ရေး၊ ပြည်ထောင်စု တပ်မတော်ဆိုင်ရာကိစ္စ အပါအဝင် စုစုပေါင်း အချက် ၅ ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆုံးဖြတ်ချက်များချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာ ချမှတ်နိုင်မည့် ဆွေးနွေးမှုပုံစံများ ရှာဖွေရေး၊ အလုပ်အဖွဲ့များ ကော်မတီများနှင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ် နိုင်သည့် ထိပ်ပိုင်း ခေါင်းဆောင် များ အကြား ဆုံးဖြတ်နိုင်ရေး၊ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးနှင့် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ အစဉ်တစိုက် တင်ပြခဲ့သော “တခုတည်းသော တပ်မတော် ထားရှိရေး မူကို လက်ခံရမည်” ဆိုသည့် အချက်ကိုလည်း ဆွေးနွေးသွားရန်ရှိကြောင်း ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး က PPST အစည်းအဝေး ဒုတိယမြောက်နေ့ အပြီးတွင် သတင်းထောက်များကို ပြောသည်။
ပူးဇင်ကျုံး က “တပ်မတော် တခုတည်းသော ထားရှိရေး ကိစ္စကို ကျနော်တို့ ဒီကနေ့ မြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြားမှာ ညှိနှိုင်းဖို့ လိုပါတယ်။
နှစ်ဘက်ညှိနှိုင်းမယ်ဆိုလို့ ရှိရင်တော့ ကောင်းမွန်တဲ့ ရလဒ်တွေ ရလာမှာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ သဘောထားရှိပါတယ်” ဟု ပြောသည်။
ယခုကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ပထမဆုံး အကြိမ် အဖြစ် ပါဝင်လာမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးကြရမည့် အခြေအနေသည်လည်း ကောင်းမွန်သည့် အခင်းအကျင်းဖြစ်ကြောင်း ရဲဘော် သံခဲ က ပြောသည်။
ရဲဘော် သံခဲ ကလည်း “ငြိမ်းချမ်းရေး ဖြစ်စဉ်စကတည်းကိုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တပြိုင်နက်တည်း အတူတကွ ထိုင်ပြီးတော့ ဆွေးနွေးရတဲ့ အခင်းအကျင်းမျိုးဟာ ဒါပထမဆုံး အကြိမ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ဘာပဲပြောပြော ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ကျနော်တို့ အားလုံး အတွက် မျှော်လင့်ထားတဲ့ အခင်းအကျင်းတခုဖြစ်တယ်” ဟု ဆိုသည်။
အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရနှင့် ၎င်းတို့အကြား ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို အဖြေရှာနိုင်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ရေး အတွက် အဆိုပြုခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် တက်ရေး၊ မတက်ရေး အတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ရာတွင် အပစ်ရပ် ၁၀ ဖွဲ့အနက် အင်အားကြီး ၂ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့က အဆင်သင့် မဖြစ်သေးသည့်သဘော တင်ပြသဖြင့် ဆွေးနွေးပွဲ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်ခဲ့ရသည် ဟု တိုင်းရင်းသားခေါင်းဆောင် အချို့က ဆိုသည်။
KNU အနေဖြင့် ပြင်ဆင်ရန် အချိန်လိုအပ်နေသဖြင့် အဖွဲ့အစည်းအတွင်းသဘောအရ မူလက ထိပ်သီး အစည်း အဝေး မတက်ရန် ဆုံးဖြတ်ထားသော်လည်း PPST အစည်းအဝေး ညှိနှိုင်းဆုံးဖြတ်ချက် အရ ညီညွတ်ရန် လိုအပ်သဖြင့် အတူတကွ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပဒိုစောကွယ် ထူးဝင်း က ပြောသည်။
ပဒိုစောကွယ်ထူးဝင်း က “အခုလာမယ့် တွေ့ဆုံမှုဟာ ထိပ်သီးရဲ့ အလွတ်သဘော သီးသန့်ဆွေးနွေး ပွဲမှာ ကြတော့ ကျနော်တို့ အသေးစိတ် ဆွေးနွေးမှာမဟုတ်ဘူး။ ရှေ့ဆက်ပြီးတော့ အစပျိုးနိုင်တဲ့ ဆွေးနွေးပွဲတွေဖြစ်တယ်။ လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ပိုမိုပြီးတော့ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့က အဲလို သဘောထား ပြန်ပေးတယ်” ဟု ပြောသည်။
အစိုးရနှင့် NCA ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့တွင် KNU၊ RCSS၊ ABSDF၊ CNF တို့အပါအဝင် မွန်ပြည်သစ် ပါတီ (NMSP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်အမျိုးသားပါတီ (ALP)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNLA/PC) တို့ဖြစ်ကြသည်။