အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် အာဏာ ရယူထားသည့် ၂ နှစ်ခွဲကာလအတွင်း မိဘ ပြည်သူများ ယုံကြည်နိုင်လောက်သော အောင်မြင်သည့် အလုပ်မျိုး လက်ညှိုးထိုးပြစရာ မရှိသေးဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) က ဝေဖန်လိုက်သည်။
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက“၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အစိုးရသည် သူအာဏာရတဲ့ ၂ နှစ်ခွဲ ကာလ အတွင်းမှာ ဟောဒီ မိဘပြည်သူများ ယုံကြည်အောင် အောင်မြင်တဲ့ အလုပ်တွေ လက်ညှိုးထိုးပြစရာ မရှိသေး ဘူး”ဟု စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် ယမန်နေ့က ပြုလုပ်သည့် လူထု တွေ့ဆုံပွဲ၌ ပြောသည်။
မိမိတို့ အစိုးရ၏ တာဝန်များကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးခင် အရင်လူများ ထားခဲ့သည့် အမွေအနှစ် များ က မကောင်းကြောင်း၊ အရင်လူများ အရည်အချင်း ပျက်ယွင်းခဲ့၍ အရင်လူများက တိုင်းပြည်ကို ဖျက်ဆီးခဲ့၍ စသည်ဖြင့် လက်ညိုးစွပ်စွဲနေသလို နောက်တခုမှာ အခြေခံ ဥပဒေ မကောင်းဟု လက်ညှိုးထိုး တရားခံ ရှာနေကြောင်း ၎င်းက ဆက်လက် ဝေဖန်ခဲ့သည်။
“ပါတီနာမည်မှာ ဒီမိုကရေစီ ထည့်ပြီးတော့ ဒီမိုကရေစီကို ရှေ့တန်းတင်ထားတဲ့ အစိုးရ။ အဲဒီ အစိုးရကာလကို ရောက် ပါပြီ။ အဲဒီကာလတွေမှာ မိဘပြည်သူများ ဘယ်ကာလမှာ လုပ်စားကိုင်စား အဆင်ပြေသလဲ။ ဘယ်ကာလမှာ အေးအေး ချမ်းချမ်း နေနိုင်သလဲ။ ဘယ်ကာလမှာ လွတ်လပ်စွာ ပြောဆိုဝေဖန်ပြီး မိမိတို့ရဲ့ဆန္ဒရှိတာကို ပြောနိုင်ဆိုနိုင် အခွင့်အရေး တွေ ရှိသလဲ။ ဒါလေးတွေဟာ မိမိတို့ကိုယ်တိုင် သုံးသပ်ကြဖို့ လိုပါမယ်”ဟု ဦးသန်းဌေးက ပြောသည်။
ထိုပြောကြားချက်များကို စစ်ကိုင်းတိုင်း တမူး မြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်က ပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီ ကြားဖြတ် ရွေးကော်ပွဲ အောင်နိုင်ရေး လူထုတွေ့ဆုံမှုအား လူမှု ကွန်ရက်၌ တိုက်ရိုက် ထုတ်လွှင့်နေစဉ် ဦးသန်းဌေးက ပြောကြားသည်ကို တွေ့မြင်ကြားသိရခြင်း ဖြစ်သည်။
NLD ပြောခွင့်ရသူ ဒေါက်တာ မျိုးညွှန့်က NLD အစိုးရ၏ တိုင်းပြည်တွင် အရေးကြီးဆုံး ပြောင်းလဲနိုင်မှုမှာ အုပ်ချုပ်သူ များ ၏ ယူနီဖောင်းမြင်ပါက ကြောက်နေရသည့်ခေတ်ကို လျှော့ချပေးနိုင်ခဲ့ကြောင်း၊ အဂတိ လိုက်စားမှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်ခြင်း၊ ဘတ်ဂျက်လိုငွေကို ၅ ရာခိုင်နှုန်း အောက်တွင် ထိန်းထားနိုင်ခြင်းနှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်များ အဆပေါင်းများစွာ တိုးမြှင့်နိုင်ခဲ့ခြင်းတို့သည် အကောင်းဆုံး ဥပမာများ ဖြစ်ကြောင်း ပြော သည်။
“တိုင်းပြည်ရဲ့ စီးပွားရေးက ပုံမှန်မဟုတ်ဘူး။ နားလည်မှုနဲ့ လုပ်ခဲ့တဲ့ စီးပွားရေး ဖြစ်တယ်။ စနစ်တကျနဲ့ ပြန်လည် ဖွံ့ ဖြိုးလာအောင် လုပ်ရမယ်။ ပိုဆိုးစေတာက ပြည်ပနိုင်ငံတွေရဲ့ ဖိအားပေါ့။ ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီး မကောင်း သတင်းတွေ ကျော်ဇောနေတာ တွေကို အမြန်ဆုံး ကြိုးစားပြီး လုပ်ရမယ်”ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက NLD အစိုးရသည် ၂ နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးနှင့် ဆိုင်သည့် စိန်ခေါ်မှု များစွာကို ရင်ဆိုင်ခဲ့ရသော်လည်း ရရှိထားသည့် အာဏာကို လက်မလွှတ်ရအောင် ထိန်းထားနိုင်ခဲ့ကြောင်း၊ အခက်အခဲများကို ရင်ဆိုင်နိုင်ဆဲဖြစ်သလို တပ်မတော်နှင့် ဆက်ဆံရေးကိုလည်း ပိုမဆိုးလာအောင် ထိန်းထားနိုင်သေး ကြောင်း ပြောသည်။
ဦးသီဟသွေးက“တရားဥပဒေ စိုးမိုးရေးကို ပထမပိုင်းမှာ လုံးဝ မကိုင်တွယ်နိုင်တဲ့ အခြေအနေကနေ ဦးဝင်းမြင့် တက် လာတဲ့ အချိန်ကစပြီး ကိုင်လာနိုင်တယ်။ ကျနော်တို့ ဖြစ်စေချင်တဲ့ ရလဒ်မျိုး မတွေ့ရသေးပေမယ့် အဂတိနဲ့ မူးယစ် ဆေးဝါးကိုတော့ ကိုင်တွယ်လာတာဟာ အရပ်သား သမ္မတ တယောက်အနေနဲ့ ကောင်းတဲ့ လက္ခဏာပဲ”ဟု သုံးသပ် သည်။
ကြံ့ခိုင်ရေး ပါတီကမူ လက်ရှိ အာဏာရ ပါတီသည် ယခင်ပါတီ လုပ်ကိုင်သည်ထက် ပိုကောင်းအောင် လုပ်နိုင်ရမည် ဖြစ်သလို လုပ်ရမည့် တာဝန်လည်း ရှိကြောင်း၊ ထိုသို့ လုပ်နိုင်မှသာ ပြည်သူကလည်း ကျေနပ်မည် ဖြစ်ရာ လက်ရှိ အနေ အထားကို ပြည်သူများ မိမိကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်ကြောင်းလည်း ပြောသည်။
“အဲဒီလိုတွေ ဖြစ်နေတာကို အရင်လူတွေ မကောင်းလို့၊ ဖွဲ့စည်းပုံ မပြင်ရသေးလို့ ဆိုပြီး လက်ညှိုးထိုးရင် ကျနော် လုံးဝ လက်မခံ ပါဘူး။ အရင်လူဆိုတာ ကျနော်တို့ ဖြစ်နေလို့ပါ”ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက တမူးမြို့တွင် ပြော သည်။
ထို့ပြင် ၎င်းတို့၏ ပါတီသည် ပြည်ထောင်စု ပါတီ ဖြစ်ပြီး ၎င်း၏ဇနီးမှာ မြန်မာနိုင်ငံသား တိုင်းရင်းသား စစ်စစ် ဖြစ် ကြောင်း၊ ၎င်း၏ မိသားစုအကုန်လုံး မြန်မာနိုင်ငံသား အစစ်အမှန်များ ဖြစ်ကြောင်း၊ ပါတီဝင် အားလုံး တိုင်းရင်းသား များ ဖြစ်၍ ဥပမာ ချင်းပြည်နယ်တွင် ပါတီ ဥက္ကဋ္ဌက စ၍ အတွင်းရေးမှူး အဆုံး လူ ၁၀၀ ရှိပါက ၉၉ ဦးသည် ချင်း တိုင်းရင်းသားများ ဖြစ်သည်ဟု ပြောဆိုသည်။
အောက်တိုဘာလ ၈ ရက်က ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီး စဉ် တခုတွင် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက တိုင်းပြည်၏ လက်ရှိ အခြေအနေအရ ဒေါ်အောင်ဆန်း စုကြည်၏ ရိုးသားဖြောင့်မတ်မှုနှင့် ဦးဆောင်မှုတို့ကို ယုံကြည်ရန် လိုအပ်ပြီး မယုံကြည်ပါက တိုင်းပြည် ဒုက္ခတွေ့မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
လက်ရှိ အာဏာရပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် မဲအပြတ်အသတ် အနိုင်ရကာ အစိုးရ ဖွဲ့နိုင် ခဲ့သော်လည်း ၎င်းတို့ ပြည်သူကို ကတိပေးခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် တရား ဥပဒေစိုးမိုးရေး ရရှိနိုင်ရေးတို့မှာ ပြည်သူ့ မေ ျှာ်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်များက ဝေဖန်လျက် ရှိသည်။