စစ်ကိုင်းမြို့ရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်း အမွေအနှစ် ရွှေမင်းဝံရိပ်သာအား ကြယ်လေးပွင့်အဆင့် ဟိုတယ် ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းမြို့ ကမ်းနားလမ်းမကြီးဘေးရှိ ရွှေမင်းဝံရိပ်သာကို အင်္ဂလိပ် အစိုးရခေတ်က ဧရာဝတီမြစ်ကို မျက်နှာမူ၍ တည် ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဟိုတယ် ပြုလုပ်ရန်အတွက် ပြင်သစ်ကုမ္ပဏီ တခုက လာရောက် ကမ်းလှမ်းခြင်း ဖြစ်သည် ဟု သိရသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက“စစ်ကိုင်းမှာ ရှေးဟောင်းအဆောက်အအုံ ၂ လုံး ရှိ တယ်။ နှစ် ၁၀၀ ကျော်နေပြီ။ လက်ရှိ အဆောက်အအုံရဲ့ ပုံစံဒီဇိုင်းအတိုင်းပဲ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းပြီးတော့ ကြယ်လေးပွင့် အဆင့် ဟိုတယ် တည်ဆောက်ပြီး လုပ်ဆောင်သွားဖို့ အဆိုပြုလာပါတယ်၊ ရှေးဟောင်း အဆောက် အအုံ ၂ လုံးကို အကုန်ဖျက်ပြီး ပြင်တာမျိုးမဟုတ်ဘဲ ရှေးမူမပျက် ပြန်ပြင်ပြီးတော့မှ ကျန်ရှိနေတဲ့ လွတ်တဲ့ မြေနေရာ တွေပေါ် မှာ ဒီအဆောက်အအုံတွေနဲ့ ပုံစံတူ အဆောက်အအုံတွေ တည်ဆောက်မယ့် အစီအစဉ်ပါ”ဟု ပြောသည်။
ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည့် ယင်းစီမံကိန်းကို အမေရိကန် ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံရန် ပြင်သစ်ကုမ္ပဏီဘက်မှ စီစဉ်ထားသည်ဟု ဆိုသည်။
၄ ဧက ကျော် ကျယ်ဝန်းသည့် ရွှေမင်းဝံရိပ်သာတွင်းရှိ ရှေးဟောင်း အဆောက်အအုံ ၂ လုံးအတွက် ပြင်ဆင် ထိန်းသိမ်း စရိတ်များကို တိုင်းအစိုးရက နှစ်စဉ် ကျခံနေရခြင်းဖြစ်ပြီး ဟိုတယ် ဆောက်လုပ်ရန် ကမ်းလှမ်းလာသည့် အတွက် လုပ်ငန်း အကောင်အထည် ဖော်နိုင်ရန် လိုအပ်သည့် အခြေခံ အချက်အလက်များကို တိုင်းအစိုးရက စီမံ ဆောင်ရွက် ပေးနေကြောင်း သိရသည်။
“အဆိုပြုတဲ့အပေါ်မှာ တိုင်းဒေသကြီး အစိုးရကနေ စီမံခန့်ခွဲလို့ မရတဲ့ အခြေအနေတွေ ရှိနေတယ်။ ဒီအဆောက်အအုံ ၂ လုံးနဲ့ မြေအကျယ်အဝန်းက တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် ဖြစ်တယ်။ ဒါကြောင့် တိုက်ရိုက် စီမံ ခန့်ခွဲလို့မရတဲ့ အတွက် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သဘောတူညီချက် လိုပါတယ်။ အဲဒီလို လိုအပ်တဲ့အတွက် တိုင်းဒေသ ကြီး အစိုးရကနေ ဒီအဆောက်အအုံ ၂ လုံးနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနကို တင်ပြပေးထား ပါတယ်”ဟု ဦးစိုးဦးက ဆိုသည်။
စစ်ကိုင်းတိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကလည်း ပြည်ထဲရေး ဌာနသို့ တင်ပြထားပြီး ညှိနှိုင်းသဘောတူညီမှု အဆုံးအဖြတ်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။
ဟိုတယ် စီမံကိန်း အကောင်အထည် ဖော်မည်ဆိုပါက ပြင်သစ်ကုမ္ပဏီနှင့် သဘောတူစာချုပ် နားလည်မှု စာချွန်လွှာ (MoU) ထိုးခြင်း ကိစ္စများကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုပ်ဆောင်ရမည် ဖြစ်သည်။
တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးက“ဒီကရတဲ့ အခွန်အခတွေကလည်း ပြည်ထောင်စု အဆင့် ငွေစာရင်း အနေနဲ့ပဲ သွားရမှာပါ။ တိုင်းဒေသကြီး အနေနဲ့ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရမယ်။ ဟိုတယ်လုပ်ငန်း လုပ်ဆောင်တဲ့အတွက် တိုင်းနဲ့ပတ်သက်တဲ့ အခွန်လောက်ပဲ ရမှာ ဖြစ်ပါတယ်၊ အဓိက ကတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တာပါပဲ”ဟု ဦးစိုးဦးက ပြောသည်။
စစ်ကိုင်းတိုင်းသည် သမိုင်းဝင် တန်ခိုးကြီး ဘုရားများနှင့် ရှေးဟောင်း အမွေအနှစ်နေရာများ ကျန်ရှိနေသည့် ဒေသ တခုဖြစ်ပြီး စစ်ကိုင်းမြို့တွင် ဟိုတယ် ၄ လုံးနှင့် တည်းခိုခန်းငယ် စုစုပေါင်း အလုံး ၃၀ ကျော် ရှိသည်။
ယခင်က တိုင်းဒေသကြီးရုံး စိုက်ရာ မြို့ဖြစ်ခဲ့သော်လည်း ယခုအခါ ခရိုင်မြို့အဆင့်သာ ရှိတော့သည့်အတွက် လက်ရှိ ရှိနေသည့် ဟိုတယ်နှင့် တည်းခိုခန်း အရေအတွက်မှာ လိုအပ်သည်ထက်ပင် များပြားနေသည်ဟု စစ်ကိုင်းမြို့ ဒေသခံ များ ထံမှ သိရသည်။
စစ်ကိုင်းမြို့ ဒေသခံ ဦးဇော်ဝင်းက“လက်ရှိ အနေအထားအရဆိုရင်တော့ အရင်လောက် ဧည့်သည်မရပေမယ့် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းဆိုတော့ မလုပ်ဖို့ တားမြစ်ပိုင်ခွင့် မရှိဘူးလေ။ စစ်ကိုင်းမှာ ဟိုတယ်အဆင့်က ၄လုံးပဲ ရှိသေးတယ်။ ဟိုတယ်တွေမှာ နိုင်ငံခြားသားတည်းခိုမှု ပိုများပါတယ်။ ကြယ်လေးပွင့် အဆင့်ဟိုတယ်ဆိုတာ ကောင်းပါတယ်။ ဟိုတယ် က ရွှေမင်းဝံရိပ်သာမှာ လုပ်မှာဆိုတော့ ရှေးဟောင်းအမွေအနှစ်တွေကို ထိခိုက်မှု မရှိဖို့တော့ လိုပါတယ်။ သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့မှ ခွင့်ပြုပေးသင့်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ကြယ်လေးပွင့် အဆင့် ဟိုတယ် ပြုလုပ်မည့် ရွှေမင်းဝံရိပ်သာသည် အင်္ဂလိပ်ခေတ်က စစ်ကိုင်းတိုင်း မင်းကြီးရုံး၊ အထက် မြန်မာပြည် ဗဟိုတိုင်းရုံး (Central Division) အဖြစ် ၁၈၈၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်က စတင် ရုံးစိုက် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် စာရေးဆရာ သိပ္ပံမောင်၀ အပါအဝင် အခြား တိုင်းမင်းများအဆက်ဆက် ရုံးစိုက်ခဲ့ရာ သမိုင်းဝင်နေရာ တခု လည်း ဖြစ်ကြောင်း သိရသည်။