အစိုးရတင်သွင်းသည့် ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူ (CRPT) စာချုပ်ကို တုန့်ပြန်ရေးသားထားချက်အား တနိုင်ငံလုံးရှိ မသန်စွမ်းသူများအဖွဲ့အစည်းများက ပထမဆုံး အကြိမ် ကုလသမဂ္ဂသို့ တင်သွင်းသွားမည်ဟု မသန်စွမ်းသူများဘဝမြှင့်တင်ရေးအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ကိုဇော်လင်းထွန်းက ဧရာဝတီသို့ ပြောကြားသည်။
နိုင်ငံတော်အစိုးရက ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(CRPT)ကို ၂၀၁၁ ခုနစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘောတူစာချုပ် လက်မှတ်ထိုးပြီး ၂ နှစ်အတွင်း အစီရင်ခံစာ တကြိမ်တင်သွင်းရမည် ဖြစ်သော်လည်း အစိုးရက ၂၀၁၅ ခုနစ်တွင်သာ အစီရင်ခံစာ တကြိမ် တင်သွင်းနိုင်ခဲ့သည်။
အဆိုပါ အစီရင်ခံစာပါ အချက်အလက်များကို တနိုင်ငံလုံးရှိ မသန်စွမ်းသူများအဖွဲ့အစည်းများက ပူးပေါင်းပြီး တုန့်ပြန် ရေးသားထားသည့် အချက်များအား ကုလသမဂ္ဂသို့ တင်သွားမည်ဖြစ်သည်။
“ကျနော်တို့က တနိုင်ငံလုံးမှာရှိတဲ့ မသန်စွမ်းအဖွဲ့တွေပူးပေါင်းပြီး သုတေသန သတင်းအချက် အလက်တွေ စုဆောင်းတယ်။ အစိုးရရဲ့အစီရင်ခံစာကို ကြည့်ပြီး ပြန်ရေးထားတာ။ ဥပမာ အလုပ်အကိုင်နဲ့ ပတ်သက်တာ ဆိုရင် သူတို့ကများ မသန်စွမ်းနဲ့ပတ်သက်ပြီး အလုပ်အကိုင်မှာ ခွဲခြားထားတာ မရှိပါဘူးဆိုတာမျိုး ရေးထားတာ ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပညာရေး၊ အခွင့်အရေးတွေ ဆုံးရှူံးနေတယ်။ ”ဟု ကိုဇော်လင်းထွန်းက ရှင်းပြသည်။
ထို့အပြင် အစိုးရ၏အလုပ်ခေါ်စာများတွင်လည်း ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်ဆိုသည့်အချက်များ ပါဝင်သည့် အပေါ် အထောက်အထားများဖြင့် တိုက်ဆိုင်ပြသသွား မည်ဟု သိရသည်။
“အဲဒီအထဲမှာမှ အစိုးရကို အပြစ်တင်တာမဟုတ်ပဲနဲ့ အပြုသဘောဆောင်တဲ့ အနေနဲ့ ဘာတွေ အခက်အခဲ ရှိသလဲ။ ဘာတွေပံ့ပိုးပေးဖို့ လိုသလဲဆိုတဲ့ဟာတွေ အားလုံးဆွေးနွေးပြီးရင်တော့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု၊ ပံ့ပိုးမှုတွေလာမယ်ဆိုရင် ကျနော်တို့အတွက်အကျိုးရှိမယ်။ ”ဟု ကိုဇော်လင်းထွန်းက ပြောသည်။
မသန်စွမ်းသူများအဖွဲ့အစည်းများက တင်သွင်းမည့် အစီရင်ခံစာတွင် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်(CRPT)အပေါ် မူတည်သည့် အတွက် ၎င်းတို့ထဲမှ ခေါင်းစဉ်တခုချင်း စီဖြစ်သော အသက်ရှင်ခွင့်၊တရားဥပဒေရယူခွင့် စသည့် လူတဦးချင်းနှင့် သက်ဆိုင်သည့် အခွင့်အရေးများ ပါဝင်ပြီး ပညာရေး၊ ကျန်းမာရေး ၊ပြည်သူ့ရေးရာ ပါဝင်မှု နိုင်ငံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစသော ကဏ္ဍအစုံပါဝင်ကြောင်း သိရသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးကို အကောင်အထည်ဖော်သည့်နေရာတွင် စောင့်ကြည့်အကဲဖြတ်ခြင်းက နည်းလမ်း ၂ သွယ်ရှိကြောင်း၊ ပြည်တွင်းစောင့်ကြည့်အကဲဖြတ်ခြင်းနှင့် နိုင်ငံတကာစောင့်ကြည့်ခြင်း တို့ဖြစ် သည်။ ပြည်တွင်းစောင့်ကြည့်အကဲဖြတ်ခြင်းက နိုင်ငံတော်အစိုးရနှင့် မသန်စွမ်းအဖွဲ့အစည်းများ၏ အစိုးရက ကုလကို တင်သွင်းသည့်အစီရင်ခံစာနှင့် အရပ်ဘက်မသန်စွမ်းအဖွဲ့အစည်းများက တင်သွင်းသည့် အစီရင်ခံစာကို တိုက်ဆိုင်စစ်ဆေးသည့်လုပ်ငန်းဖြစ်သည်။