ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တပ်ရိက္ခာ ဖူလုံရေး အကြောင်းပြချက်ဖြင့် သိမ်းယူထားသည့် မြေဧက ၃၀၀.၁၈ ဧကကို မူလပိုင်ရှင် များထံသို့ နိုင်ငံတော် အစိုးရမှ တဆင့် တပ်မတော်က ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး က “တပ်ကနေပြီးတော့ ဧက ၃၀၀.၁၈ ဧကကို နိုင်ငံတော်ကို ပြန်စွန့်လွှတ်တယ်။ နိုင်ငံတော်ကနေပြီးတော့ မူလပိုင်ရှင်တွေဆီကို ယာယီ လုပ်ပိုင်ခွင့် လက်မှတ်တွေ ပြန်အပ်ပေးခဲ့တယ်။ အခု အမ်းမှာ တပ်က မြေတွေ ပြန်ပေးတာ ဧက ၅၀၀ ကျော်လောက် ရှိနေပြီ။ ပုံစံ ၃ ယာယီ လုပ်ပိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးပြီးတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လယ်ယာမြေ ဥပဒေအရ မြေသိမ်းဆည်းခံရသူများသည် ၎င်းတို့၏ မြေများကို ပြန်လည် ရရှိပါက ချက်ချင်း ပိုင်ဆိုင်ခွင့် အထောက် အထားဖြစ်သည့် ပုံစံ ၇ ရရှိခြင်း မရှိဘဲ ယာယီ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၃ သာ အရင် ရရှိကြောင်း၊ ယခင်ကိစ္စ ရပ်များ ရှင်းပြီး မြေရာဇဝင်များနှင့် မြေပိုင်ဆိုင်မှု အထောက်အထားများ ဆက်လက် တင်ပြနိုင်ပါက ပုံစံ ၇ ဆက်လက် ရရှိပြီး အစိုးရချေးငွေလည်း ရရှိလေ့ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
တပ်မတော်က မြေစွန့်လွှတ်သည့် အခမ်းအနားတခုကို မနေ့က အမ်းမြို့နယ်ရှိ ရွှေအမ်းတောင် ခန်းမ၌ ကျင်းပရာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး တပ်မတော်မှ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး လည်း တက်ရောက်ခဲ့ သည်။
ယင်းအခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက အမ်းမြို့နယ်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၃၇၃) ခြေမြန်တပ်ရင်းမှ ပြန်လည် စွန့်လွှတ်အပ်နှံသည့် မြေဧရိယာ (၃၀၀ ဒသမ ၁၈) ဧကကို မူလတောင်သူ ၄၁ ဦး လက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)များ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြေယာကိစ္စသည် စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုနှင့် ဥပဒေကြောင်းအရ ညီညွတ်မှုစသည့် အချက်များနှင့် ရှုပ်ထွေးသလို လက်တွေ့ ဖြေရှင်းရာတွင်လည်း အချိန်ယူရကြောင်း၊ မှန်ကန်သေချာရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွန်မှာကြားထားသည့်အတိုင်း ကရုဏာနှင့် ယှဉ်ပြီး တရားမျှတမှု ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်း ဆောင်ရွက်ပေး နေကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
အမှတ် ၃၇၃ ခြေမြန် တပ်ရင်းက စွန့်လွှတ်လိုက်သည့် မြေနေရာများသည် လယ်မြေအဖြစ် ချက်ချင်းလုပ်ကိုင်ဆောင်ရွက်၍ မရနိုင် သေးဘဲ ဒီရေရောက် နေရာများ မဖြစ်စေရန် မြေဖို့ခြင်း၊ ဆည်တာတမံ ပြန်လုပ်ခြင်းများဖြင့် ပြုပြင်ရဦးမည် ဖြစ်ကြောင်း၊ တပ်မတော် က သိမ်းယူထားစဉ်က ငါး၊ ပုဇွန်းများ မွေးမြူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။
ဦးခင်မောင်ဌေး က “ခြေလျင်တပ်ရင်းကတော့ အမ်းမြို့ထဲမှာပဲ။ သိမ်းထားတဲ့ မြေက တပ်နဲ့ မနီးဘူး။ အမ်းမြို့နယ် အစပ်နဲ့ ကျောက်ဖြူ မြို့နယ် အစပ်မှာပဲ။ လောလောဆယ်မှာ အဲဒီမြေတွေက လုပ်စားကိုင်စားလို့ မရသေးဘူး။ တာတွေ ကျိုုးပေါက်နေတယ်။ လယ်မြေတွေ ပြန်ဖြစ်ဖို့က မနည်းကို ပြန်လုပ်ရမယ့် အနေအထားမျိုး ရှိပါတယ်” ဟု ပြောသည်။
ယင်းမြေများသည် လုပ်ကိုင်စားသောက်၍ မရတော့သဖြင့် တပ်မတော်က ပြန်စွန့်လွှတ်သည့် သဘောလားဆိုသည့် မေးခွန်းကိုမူ မှတ်ချက် မပြုလိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေး က ပြောသည်။
အမ်းမြို့နယ်တွင် တပ်သိမ်းမြေများကို အခမ်းအနားဖြင့် ပြန်လည်ပေးအပ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သို့သော်လည်း တပ်သိမ်းမြေနှင့် ပတ်သက်ပြီး ပြည်သူများ တင်ပြ တိုင်ကြားထားမှု အများ၊ အပြားရှိပြီး ပြန်မပေးသည့် မြေများလည်း ကျန်ရှိနေသေးကြောင်း ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
ဒေါ်ထုမေ က “ပြန်စွန့်လွှတ်တာက အများကြီးကို နည်းပါးသေးတယ်။ တဦးချင်းလည်း ရှိတယ်။ အဖွဲ့လိုက်လည်း ရှိတယ်။ အဲလိုမျိုး ဧရိယာတွေက ပေါင်းလိုက်ရင် အများကြီးပဲ။ အမ်းမြို့နယ်ကနေ တပ်သိမ်းမြေက ရခိုင်ပြည်နယ်မှာ အများဆုံးလို့ ထင်တယ်။ အရင် အုပ်ချုပ်ရေးမှူး က အဲလိုပြောဖူးတယ်။ တပ်သိမ်းမြေရော အခြားမြေတွေရောဆိုရင် အမှုပေါင်း ၁၀၀ ကျော်ရှိပါတယ်” ဟု ပြောသည်။
၂၀၁၆ ခုနှစ်မှ စပြီး ရခိုင်ပြည်နယ်မှ သိမ်းဆည်းခံရမြေများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီသို့ တင်ပြတိုင်ကြားလာသည့် အမှုပေါင်း ၃၀၁ မှု ရှိကြောင်း၊ ၎င်း၏ မဲဆန္ဒနယ်တွင် မြေယာအမှု ၁၀၀ ကျော်ရှိကြောင်း ယင်းကော်မတီဝင် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က လည်း ပြောသည်။
ဒေသတွင်း မြေယာပြဿနာများကို ၎င်းတို့က ပြည်နယ်အဆင့်တွင် မေးခွန်းများ မေးခြင်း၊ အဆိုများ တင်သွင်းခြင်း၊ ပြည်ထောင်စု အဆင့်တွင်လည်း မေးခွန်း မေးမြန်းမှုများ ပြုလုပ်ကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခွင့်ရသည့် မြေယာကော်မတီ များတွင်လည်း သဘောထား မှတ်ချက်ပြုခြင်းများဖြင့် ဝင်ရောက် ဆောင်ရွက် ပေးနေကြောင်း အမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။
သမ္မတ ဦးဝင်းမြင့်ကမူ သိမ်းဆည်းခံထားရသည့် လယ်ယာမြေနှင့် အခြားမြေများ ကိစ္စများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးစစ်ဆေးရန် တနိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို လမ်းညွှန်ချက် ပေးပို့၍ ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ်က နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။
သို့သော် ယခုလို စစ်ဆေးရာတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းယူခဲ့သည့်မြေယာကိစ္စများကိုသာ စစ်ဆေးသွားမည်ဖြစ်ပြီး ၁၉၈၈ ခုနှစ် ရှေပိုင်းကာလက မြေသိမ်းမှုများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က တာဝန်ကျေစပါး မသွင်းနိုင်၍ နိုင်ငံတော်မှ ပြန် လည် သိမ်းယူခဲ့သည့် မြေကိစ္စများ၊ လယ်ယာမြေကို ပေါင်နှံ လုပ်ကိုင်သည့် လယ်ပြန်ငွေပြန်ကိစ္စများနှင့် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ထံတင်ပြထားသည့် မြေယာ အငြင်းပွားသည့် အမှုများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။
ဆက်စပ်ဖက်ရှုရန် – တနိုင်ငံလုံးရှိ သိမ်းဆည်းခံမြေများကိစ္စ ယခုနှစ်အတွင်း အပြီးစစ်ရန် သမ္မတ ညွှန်ကြား