“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)က ဖမ်းဆီးထားသည့် လားဟူ လူမျိုး ဓမ္မဆရာ ၉၀ ကျော်ကို ခံဝန် လက်မှတ်များ ရေးထိုးခိုင်း၍ ပြန်လွှတ်ပေးလိုက်ကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (ရှမ်း/ရှေ့)မှ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ လာဇရုက ဧရာဝတီသို့ ပြောသည်။
UWSA သည် ၎င်းတို့ ထိန်းချုပ်ထားသည့် ဝဒေသ အတွင်းရှိ ဓမ္မဆရာများနှင့် ပြင်ပမှ ဝင်ရောက်လာသော ဓမ္မ ဆရာ များ ကို ဒေသတွင်း ဘာသာရေးအရ မစည်းရုံးရဆိုသည့် အချက် ကျူးလွန်သည်ဟု ဆိုကာ ဓမ္မဆရာများအား စက်တင်ဘာ လ ၁၄ ရက်က စတင်၍ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
လားဟူ လူမျိုး ဓမ္မဆရာများကို အောက်တိုဘာ ၁၀ ရက်က ခံဝန်လက်မှတ် ရေးထိုးခိုင်း၍ ပြန်လွှတ် ပေးခဲ့သော်လည်း ကျောင်းသား/သူ ၄၂ ဦးကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေါက်တာ လာဇရုက ပြောသည်။
၎င်းက“ကျနော်တို့ လားဟူ ဓမ္မဆရာ ၉၂ ဦးကို ပြီးခဲ့တဲ့ ၂ ရက်က ခံဝန်ချက် လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေး တာ။ အဲဒီမှာ ကျမ်းစာ မဖတ်ဖို့၊ ဆုမတောင်းဖို့၊ ခရစ်ယာန် မလုပ်ဖို့တို့ ပါတယ်”ဟု ပြောသည်။
လားဟူ လူမျိုး ဓမ္မဆရာ ၉၂ ဦးကို ပြန်လွှတ်ပေးလိုက်သည်ဟု ကြားသိရသော်လည်း အသေးစိတ် မသိရကြောင်း UWSA ၏ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က ပြောသည်။
ဖမ်းဆီးခံရသူများတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပေါက်မြို့နယ်မှ လားဟူ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (ရှမ်း/ရှေ့) မှ ဓမ္မ ဆရာ/ဆရာမ ၉၂ ဦးနှင့် ကျမ်းစာသင် ကျောင်းသား/သူ ၄၂ ဦးတို့ ပါဝင်ကြောင်း စက်တင်ဘာလ ၂၅ ရက်က လားဟူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(ရှမ်း/ရှေ့) ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁ ရက်က“ဝ”လူမျိုး ဓမ္မဆရာ ၁၀၀ ကျော်ကို ခံဝန်ချက် လက်မှတ်ထိုးခိုင်း၍ ပြန်လွှတ် ပေးခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်တွင် လားဟူ လူမျိုး ဓမ္မဆရာ ၉၂ ဦးအား ခံဝန်ချက် လက်မှတ် ထိုးခိုင်းပြီး ပြန်လွှတ် ပေးခဲ့ သည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်က“လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ အရ လူတိုင်းဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။ ဒါလူ့အခွင့် အရေးပဲ။ အဲဒီတော့ အခုလို ပိတ်ပင်တယ် တားဆီး တယ်၊ ဘာသာရေး ဆရာတွေ ဖမ်းဆီးတယ်ဆိုတာတော့ ဒါတော့ လူ့အခွင့်အရေး ကြေညာ စာတမ်းနဲ့ မကိုက်ဘူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက“သို့သော် သူတို့ ဖမ်းဆီးရတဲ့ အကြောင်းတရားက ဒီဘာသာရေး ဆရာတွေက သူတို့ နယ်ပယ်ထဲ မှာ ဘာတွေလုပ်နေလဲဆိုတာ ကျနော်တို့က မသိဘူးလေ။ သူ့နယ်ပယ်ထဲမှာ ရှိတဲ့ တည်ငြိမ် အေးချမ်းမှုကို နှောင့် ယှက် ပျက်စီးစေတဲ့ ပုံစံမျိုး လုပ်နေလို့ သူတို့(UWSA)က လုပ်တယ်ဆိုရင် တော့ သူတို့ လုပ်တာကို အပြစ်လို့ ပြောလို့ မရဘူး။ ဒါပေမယ့် ဒီလို လုပ်တယ်ဆိုတာက လူ့အခွင့်အရေးကြေညာ စာတမ်း အပိုဒ် ၁၈ နဲ့တော့ မကိုက်ဘူးလို့တော့ ပြောလို့ရတယ်”ဟုလည်း ပြောဆိုသည်။
UWSA ကတော့ ယခုလို ခရစ်ယာန် ဘာသာရေး ဓမ္မဆရာများကို ဖမ်းဆီး စစ်ဆေးနေခြင်းက ဘာသာရေး လွတ်လပ် ခွင့် အား တားဆီးခြင်း မဟုတ်ဘဲ အစွန်းရောက် ဘာသာရေးဆရာများနှင့် ဒေသတွင်း ဘာသာရေး မစည်းရုံးရ စည်းမျဉ်း ကို ချိုးဖောက်နေသူများ၊ “ဝ”ဒေသ ဥပဒေနှင့် မကိုက်ညီသော (သို့မဟုတ်) ဥပဒေ ကျော်လွန်၍ လုပ်ဆောင် သူ နှင့် လှုံ့ဆော် သူများကိုသာ စစ်ဆေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ စစ်ဆေးမှုများ ပြုလုပ်ရခြင်းကလည်း UWSA ၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနား ကျင်းပရန် စီစဉ်နေ ရာ လုံခြုံရေးပိုင်း ဆိုင်ရာ ကြိုတင် ပြင်ဆင်ခြင်း အပြင် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားမည်ကို ထိန်းသိမ်းခြင်း၊ အစွန်း ရောက် ဘာသာရေး ခေါင်းဆောင်များ ဝင်ရောက်မှုများ တားဆီးခြင်း၊ ဘာသာရေး စည်းရုံးမှုများ မပြုလုပ်ရန် စသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း UWSA ပြောခွင့်ရ ဦးညီရမ်းက စက်တင်ဘာ ၁၅ ရက်က ဧရာဝတီသို့ ပြောထား သည်။