ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေး မြို့နယ် အတွင်း ငါးဖမ်းနေသည့် ရေလုပ်သား တဦးအား ယမန်နေ့က မိကျောင်း ကိုက်သည့် အတွက် ခြေထောက် တဖက်ပြတ်ကာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ယမန်နေ့ နံနက် ၉ နာရီခန့်က ဘိုကလေး မြို့နယ် ဆတ်ကျွန်း ကျေးရွာ အုပ်စု ရွှေပြည်အေး ကျေးရွာနေ ကိုထွန်းထွန်း ဝင်း ၃၉ နှစ် မှာ လဝိုင်းကျွန်း အလယ်စု ကျေးရွာအနီး ချောင်းထဲတွင် ဇနီးဖြစ်သူနှင့် အတူ ပိုက်ချ ငါးဖမ်းနေစဉ် မိကျောင်း ကိုက်ခံရသည့် အတွက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဘိုကလေး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရ သည်။
ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက“ကိုထွန်းထွန်းဝင်းက ချောင်းထဲမှာ ပိုက်ချတယ်။ ပိုက်ချအပြီး ရေ ဆင်းချိုးတာ။ ရေချိုး အပြီး လှေပေါ်ပြန် အတက်မှာ မိကျောင်းက ခြေထောက်ကို ကိုက်တာ။ ခြေထောက် တဖက် ဒူး အထက်နားကနေ ပါသွားတယ်”ဟု ဧရာဝတီကို ပြောသည်။
မိကျောင်း ကိုက်ခံရသည့်လူနာကို ဘိုကလေးမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ရာတွင် ဝဲဘက် ခြေထောက်တဖက် ပြတ် သည့် ဒဏ်ရာမှာ ပြင်းထန်သည့် အတွက် ဘိုကလေးမြို့ ဗြဟ္မာစိုရ် လူမှုကူညီရေး အသင်းကားဖြင့် ဖျာပုံမြို့ ခုတင် ၂၀၀ ဆေးရုံ သို့ ယနေ့ နံနက်ပိုင်းက လွဲပြောင်း ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ဒေသခံများ အနေဖြင့် မိန်းမလှကျွန်းသို့ သွားရောက်၍ ထင်းခုတ်၊ ငါးဖမ်းသူများ မိကျောင်း ကိုက်ခံရခြင်းများလည်း ရှိပြီး မိန်းမလှ ကျွန်းအနီး တဝိုက်ရှိ ကျေးရွာသို့လည်း မိကျောင်းများ လာရောက်၍ ဒေသခံများကို ကိုက်သည့် ဖြစ်ရပ် များ လည်း ရှိခဲ့သည်။
သစ်တော ပြုန်းတီးမှု၊ ကျေးရွာများ ချဲ့ထွင်လာမှု၊ အလွန်အကျွံ ငါးဖမ်းဆီးမှုများကြောင့် အစာရေစာ ရှားပါးလာသည့် အတွက် ၂၀၁၃ ခုနှစ်က စတင်၍ မိကျောင်းများမှာ ဒေသခံများနှင့် အိမ်မွေး တိရစ္ဆာန်များကို ကိုက်ဖြတ် စားသောက်မှု ပိုမို များပြားလာနေသဖြင့် သစ်တောဌာနက “မိကျောင်း အန္တရာယ် ရှိသည်”ဟူသော ဆိုင်းဘုတ်များအား ကျေးရွာများ အနီးနှင့် မိကျောင်းများ ကျင်လည် ကျက်စားသည့် နေရာများတွင် စိုက်ထူ၍ သတိပေးထားပြီး မိန်းမလှကျွန်းအား ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ သွားလာခြင်း မပြုရသည့် တားမြစ်ဧရိယာ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
မိကျောင်း ကိုက်သည့် အတွက် ၂၀၁၃ ခုနှစ်တွင် ရွှေပြည်အေး ကျေးရွာမှ တတိယတန်း ကျောင်းသား တဦး၊ ၂၀၁၄ ခုနှစ် တွင် ဆတ်ကျွန်းရွာမှ ကိုရင် တပါး၊ ၂၀၁၅ ခုနှစ်တွင် ဆတ်ကျွန်း ရေကမြင်း ကျေးရွာမှ တံငါသည် တဦး၊ ၂၀၁၆ ခုနှစ် တွင် လှေလုံးကွဲ ကျေးရွာမှ တံငါသည် ဦးစောနောင်နှင့် ၂၀၁၇ ခုနှစ်တွင် ကြိမ်ချောင်းကြီး အုပ်စု ဆင်အိုင် ကျေးရွာ မှ မခိုင်ခိုင်ဦးနှင့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း ဘေးမဲ့တော အတွင်း ဝင်ရောက် ထင်းခုတ် သည့် စက်ဆန်း အုပ်စု အောင်ချမ်းသာ ကျေးရွာမှ မအေးသင်းတို့ ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဘိုကလေး ဒေသခံများက ပြောပြသည်။
ဘိုကလေး မြို့နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစံမင်းအောင်က“ဒီမိကျောင်းတွေက ရှားပါး မျိုးစိတ် ဖြစ်နေတော့ ကျနော်တို့က ထိန်းသိမ်းဖို့ လိုတယ်။ တဖက်ကလည်း ဒေသခံတွေကလည်း စားဝတ်နေရေးက ရှိ နေတော့ ငါးမဖမ်းလို့လည်း မဖြစ်။ အဲဒီတော့ အမှုမဲ့ အမှတ်မဲ့နဲ့ ပေါ့ဆလိုက်တဲ့ အခါ အခုလို စိတ်မကောင်းစရာတွေ ဖြစ် လာတာပေါ့။ ဒေသခံတွေ အနေနဲ့က ရေလမ်း ခရီးသွားတာပဲ ဖြစ်ဖြစ်၊ ရေထဲဆင်းတာပဲ ဖြစ်ဖြစ် မိကျောင်း အန္တရာယ် သတိထားပြီး မပေါ့ဆကြဖို့ လိုပါတယ်”ဟု ပြောသည်။
မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် မိကျောင်း အကောင်ရေပေါင်း ၁၁၀ ကျော် ရှိကြောင်း၂၀၁၅ ခုနှစ် က ကောက်ယူသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းမှာ အကျယ်အဝန်း ၅၂.၇၈ စတုရန်းမိုင် ရှိပြီး ၁၉၉၄ ခုနှစ်မှ စတင်၍ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အဖြစ် အစိုးရက သတ်မှတ်ခဲ့သည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့ အရေးပါသော ရေဝပ်ဒေသ စာရင်းဝင် နေရာ ရမ်ဆာ ဒေသ အဖြစ် ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က နိုင်ငံတကာ ရမ်ဆာ ကွန်ဗန်းရှင်း အောက်တွင် ထည့်သွင်း သတ်မှတ်ခဲ့သည်။
မိန်းမလှကျွန်း၌ မိကျောင်းများ အပြင် ရေပျော်ငှက်၊ ကုန်းတွင်းပိုင်းနေ ငှက်များ၊ တွားသွား သတ္တဝါများ၊ နို့တိုက် သတ္တဝါ များနှင့် ရေနေ သတ္တဝါများ ခိုအောင်း နေထိုင်ကြကြောင်း သိရသည်။