အောင်ရဲထွေးအမှုနှင့် ပတ်သက်သည့် ပထမ သတင်းပေး တိုင်ချက်ကို သက်သေအဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးမိုးနိုင်က တင်သွင်းခဲ့ရာ စွပ်စွဲခံရသူများဘက်မှ ကန့်ကွက်ခဲ့ကြသည်။
အောင်ရဲထွေးအမှုအား လာဘ်ငွေရယူကာ အမှုရုပ်သိမ်းခဲ့သည် စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါဝင် ခြောက်ဦးအား အောက်တိုဘာလ ၁၂ ရက်က ပထမဦးဆုံး အကြိမ် ရုံးထုတ်စစ်ဆေးစဉ် ယင်းကဲ့သို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
စွပ်စွဲခံရသူ ရဲအုပ်ချစ်ကိုကို၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် က “ဒီနေ့ရုံးချိန်းက တိုင်စာကို လက်ခံသင့် မသင့် နှစ်ဖက်လျှောက်လဲချက် ပေးတယ်။ တိုင်စာကို လက်မခံသင့်ကြောင်း အကျယ်တဝင့် လျှောက်ထားပြီး တင်ပြခဲ့တယ်” ဟု ပြောသည်။
ပထမ သတင်းပေးတိုင်ချက်ကို သက်သေအဖြစ် လက်ခံသင့်၊ မသင့်ကို အောက်တိုဘာလ ၂၆ ရက် ရုံးချိန်တွင် အမိန့် ချမှတ်မည် ဖြစ်သည်ဟု သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အောင်ရဲထွေး သေဆုံးမှုတွင် တရားရေးအရ ပြည့်စုံစွာ သုံးသပ်စိစစ်ခြင်း မရှိဘဲ လာဘ်ငွေနှင့် တံစိုး လက်အောင် ရယူကာ အမှုကို ရုပ်သိမ်းခွင့်ပြုပြီး သံသယတရားခံများအား လွှတ်ပေးသည်ဟု ဆိုကာ တိုင်းဥပဒေချုပ်ဟောင်း အပါအဝင် ၆ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အောက်တိုဘာလ ၉ ရက်က သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုခံရသူများမှာ တိုင်းဥပဒေချုပ် (ဟောင်း) ဦးဟန်ထူး၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်း ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု-ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံနယ် မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ် ချစ်ကိုကိုတို့ ဖြစ်သည်။
စွပ်စွဲခံရသူ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်ကလည်း ယနေ့ တရားခွင်အခြေအနေနှင့် ပတ်သက်၍ “ပထမသတင်းပေး တိုင်တန်းချက်ဟာ ဥပဒေနဲ့ မညီဘူးဆိုတာ အထောက်အထားဥပဒေနဲ့ တင်တာ” ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက “အမှု တခု စတယ်ဆိုရင် ရာဇဝတ်မှုမှာ ပထမသတင်းပေး တိုင်တန်းချက်က စတာလေ။ ဒါ ဥပဒေနဲ့ မညီတာဆိုရင် ကျနော်တို့က သက်သေခံအဖြစ် တင်သွင်းလို့ မရဘူးလို့ မြင်တယ်။ သက်သေခံအဖြစ် တင်သွင်းလို့မရရင် တရားရုံးက ထည့်စဉ်းစားလို့ မရဘူး” ဟုဆိုသည်။
ယခု အမှုသည် စုံစမ်းစစ်ဆေးရေး ကော်မတီက စစ်ဆေးပြီးမှ အမှုကို ရေးဖွင့်သည့် တိုင်ချက်ဖြစ်ရာ သက်သေခံ ဥပဒေပုဒ်မ ၂၅၊ ၂၆ အရ လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ လည်းကောင်း၊ ပထမသတင်းပေးချက် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၅၄ အရ လည်းကောင်း မညီညွတ်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ရုံးချိန်းတွင် ဦးသန်းအောင်က ပြောဆိုထားသည်။
“တိုင်စာ ဆိုတာတော့ အမှုရဲ့ အသက်ပဲလေ။ အရေးကြီးဆုံးပေါ့။ ဒီတိုင်စာကနေ အဓိကထားပြီး အမှုစတင် စစ်ဆေးကြတာပဲ” ဟု တိုင်စာ အရေးပါပုံနှင့် ပတ်သက်၍ ၎င်းက ရှင်းပြသည်။
တရားလိုဘက် အကျိုးဆောင် ဥပဒေအရာရှိကမူ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသည် အထူးဥပဒေ ဖြစ်သည့်အတွက် လက်ခံသင့်ကြောင်း၊ ယင်းဥပဒေသည် ရာဇဝတ်ကျင့်ထုံး ဥပဒေ၏ နောက်မှ ပြဋ္ဌာန်းထားခြင်းဖြစ်ရာ ယင်းဥပဒေက ပိုမို လွှမ်းမိုးကြောင်း၊ မောင်စိုးလင်းနှင့် နိုင်ငံတော် စီရင်ထုံးပါ အချက်အလက်များနှင့် ပြန်လည်ကိုးကား လျှောက်လဲသွားသည်ဟု သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသည် အထူးဥပဒေဟုဆိုသော်လည်း ယင်းဥပဒေစာအုပ် မျက်နှာဖုံး၌ အထူး (Special) ဟု ထည့်သွင်း ရေးသားထားခြင်း မရှိကြောင်း စွပ်စွဲခံရသူများ၏ ရှေ့နေများက တရားခွင်တွင် ပြန်လည်ချေပခဲ့ကြသည်။
အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ အမှုကို ရုပ်သိမ်းကာ တရားခံများအား စွဲချက်မတင်မီ လွှတ်ပေးလိုက်သည့် အမိန့်ကို တိုင်းတရား လွှတ်တော်က ပယ်ဖျက်လိုက်ပြီး မူလ စစ်ဆေးရာ အရှေ့ပိုင်းခရိုင်တရားရုံးကပင် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရန် အမိန့်ချခဲ့သည့်အတွက် အောက်တိုဘာလ ၉ ရက်တွင် ပြန်လည် စစ်ဆေးနေပြီ ဖြစ်သည်။
၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ သံသယ တရားခံ ၃ ဦး ဖြစ်သော သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ကို ဖမ်းဆီးပြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လ ကြာ စစ်ဆေးပြီးနောက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ပြီး သံသယ တရားခံများကို စွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – အောင်ရဲထွေး အမှု အစမှ ပြန်လည် စစ်ဆေးမည်