သတင်း

စစ်ကိုင်း ဇေယျာသီရိရုပ်ရှင်ရုံ ဝယ်ထားသူများအား တိုင်းအစိုးရ တရားစွဲမည်

Want create site? Find Free WordPress Themes and plugins.
စစ်ကိုင်းမြို့တွင် တရုံတည်းသာ ကျန်တော့သည့် ဇေယျာသီရိရုပ်ရှင်ရုံ ဝယ်ယူထားသူ နှစ်ဦးအား စာချုပ်ပါ စည်းမျဉ်း စည်းကမ်း ဖောက်ဖျက်မှုဖြင့် ယခုနှစ် မကုန်မီ တရားစွဲဆိုသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရုပ်ရှင်ရုံအား အနည်းဆုံး လူ ၂၀၀ ဆံ့ ရုပ်ရှင်ရုံငယ် (Mini Cinema) ထည့်သွင်းကာ အခြားစီးပွားရေး လုပ်ကိုင်မည်ဟူ သည့် စည်းမျဉ်းစည်းကမ်းဖြင့် ဦးဉာဏ်ဝင်းနှင့် ဦးမောင်မောင်ဦးတို့က မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီ ခွင့်ပြုချက်ဖြင့် အစိုးရ ထံမှ ဝယ်ယူထားသော်လည်း ရုပ်ရှင်ရုံလုပ်ငန်းကို အကောင်အထည် မဖော်သည့်အတွက် တရားစွဲဆိုရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “စာချုပ်ပါ စည်းကမ်းအတိုင်း အရေး ယူသွားမယ်။ ကျနော်တို့က စာချုပ်ပါစည်းကမ်းနဲ့ ဘယ်လိုအချက်တွေက ဘယ်လိုတွေ ငြိနေသလဲဆိုတာကို စစ်ဆေးပြီးတော့မှ ဥပဒေချုပ်ဆီကို အကြံဉာဏ် တောင်းထားပါတယ်၊ ရုပ်ရှင်လုပ်ငန်းက ဦးဆောင်ပြီး လုပ်နေပါတယ်။ ဒီဇင်ဘာလမကုန်မီ တရားစွဲဆိုသွားမှာပါ။ ဥပဒေချုပ်ဆီကနေ ဒီလမကုန်မီ ပြန်ကျလာမှာပါ” ဟု ပြောသည်။
တရားစွဲဆိုမှု မပြုလုပ်ခင် ရုပ်ရှင်ရုံအား ချိတ်ပိတ်ရန်အတွက်စီစဉ်နေကြောင်း၊ လက်ရှိတွင် ရုပ်ရှင်ရုံအား ကုမ္ပဏီပိုင် ကုန်ပစ္စည်းများ ထားရာ ဂိုဒေါင်အဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်လင်းက “ကျနော်တို့ဆီကနေ ဦးဉာဏ်ဝင်း + ဦးမောင်မောင်ဦး တို့ကနေ ဝယ်ယူထားတာပါ။ သူတို့က စူပါကော်ဖီမစ်မှာ ဘယ်လို တာဝန် ယူတာတယ်ဆိုတာတော့ မသိဘူး။ သူတို့ကို ဆက်သွယ်ရင် စူပါကော်ဖီမစ်ကိုပဲ ဆက်သွယ်ရပါတယ်။ ကျပ် သိန်း ၄၁၀၀ နဲ့ ရောင်းချ ပေးထားတာပါ။ ရုပ်ရှင်ရုံကို ဝယ်ယူထားတာက ဦးဉာဏ်ဝင်း + ဦးမောင်မောင်ဦး ဖြစ်တဲ့အတွက် တရားစွဲဆိုတာလုပ်ရင် သူတို့ကို တရားစွဲဆိုသွားမှာပါ” ဟု ပြောသည်။
သူက “တိုင်းဥပဒေချုပ်ကနေ ပြည်ထောင်စုအဆင့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကြံဉာဏ် တောင်းထားတယ်လို့ သိရပါတယ်။ ပြည်ထောင်စုအဆင့်က ပြန်ကျလာတာနဲ့ တရားစွဲဆိုသွားမှာပါ။ တရားစွဲဆိုမယ်ဆိုရင် လိုအပ်တာတွေကိုလည်း ထပ်ပြီး ဖြည့်စွက်ရမှာတွေလည်း ရှိသေးတဲ့အပြင် ကျနော်ကိုယ်တိုင် တရားလိုလုပ်ရမှာလား၊ လွှဲပြောင်းပေးအပ်ပြီး တရားစွဲဆိုသွားမှာလား ဆိုတာကိုတော့ တိုင်းအစိုးရကနေ ဆုံးဖြတ်ရမှာဖြစ်တော့ ဘယ်လိုပုံစံနဲ့ ဆိုတာတော့ မသိရသေးပါဘူး။ ကျနော်တို့ဘက်ကတော့ အမြန်ဆုံး တရားစွဲဖို့ စီစဉ်နေပါတယ်”ဟု ရှင်းပြသည်။
တိုင်းအစိုးရဘက်မှ တရားစွဲဆိုရန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ စူပါကော်ဖီမစ် ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်ဖြေဆိုသူက “ဦးမောင်မောင်ဦးနဲ့ ဦးဉာဏ်ဝင်းက မန်နေဂျင်း ဒါရိုက်တာတွေအဖြစ် တာဝန်ယူထားပါတယ်။ CGM Consumer Goods Myanmar ကုမ္ပဏီပါ” ဟု အတည်ပြုခဲ့ပြီး ရုပ်ရှင်ရုံကိစ္စ မေးမြန်းလိုသည်ဟု ပြောဆိုသည့်အခါ ဖုန်းချသွားခဲ့သည်။
အဆိုပါ ကုမ္ပဏီမှာ စူပါ ကော်ဖီမစ်အပါအဝင် ဆန်၊ သကြား၊ နို့ဆီ၊ ခြင်နိုင်ဆေးနှင့် အိမ်သုံး ဆပ်ပြာခရင်မ်များ ထုတ်လုပ် ရောင်းချနေသည့် ကုမ္ပဏီဖြစ်သည်။
ဇေယျာသီရိ ရုပ်ရှင်ရုံကို ၁၉၇၅ ခုနှစ် စတင် တည်ဆောက်ခဲ့ကာ ၁၉၈၀ ပြည့်နှစ်တွင် “မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ” ဇာတ်ကားကို စတင်ပြသခဲ့သည်။ ယင်းနောက် ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိက က ဝယ်ယူပြီးနောက်ပိုင်း ရုပ်ရှင် ပြသမှုများ ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စာချုပ်ပါ ဇေယျာသီရိ ရုပ်ရှင်ရုံ ပြန်လည် ဖွင့်လှစ်ရန် တိုက်တွန်းကြောင်းအဆိုကို စစ်ကိုင်းတိုင်း မဲဆန္ဒနယ် ၂ မှ တိုင်းလွှတ်တော်အမတ် ဒေါ်စုမြတ်ထက်က ပြီးခဲ့သည့်နှစ် မတ်လ ၁၃ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
လွှတ်တော်က အတည်ပြုပြီးနောက် တိုင်းအစိုးရဘက်က ဝယ်ယူထားသူများအား စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း တနှစ်အတွင်း ရုပ်ရှင်ရုံငယ် တည်ဆောက်ရန်အတွက် ညွှန်ကြားထားသော်လည်း ယခုအချိန်အထိ မလုပ်ဆောင် သေးကြောင်း သိရသည်။
ဇေယျာသီရိ ရုပ်ရှင်ရုံနှင့်အတူ မုံရွာမြို့ရှိ မြစန္ဒာ ရုပ်ရှင်ရုံ ပြန်လည် ဖွင့်လှစ်ရန် တိုက်တွန်းကြောင်း အဆိုမှာလည်း တိုင်းလွှတ်တော်က အတည်ပြုခဲ့ရာ အဆိုပါ မြစန္ဒာ ရုပ်ရှင်ရုံမှာ ပြန်လည် ဖွင့်လှစ် ပြသနေပြီဟု သိရသည်။
Did you find apk for android? You can find new Free Android Games and apps.
Loading