ဒုတိယအကြိမ် ၂၁ ပင်လုံ ညီလာခံ ကျင်းပပြီးစီးသည့်နောက်ပိုင်း ရှေ့ဆက်မတိုးနိုင် ဖြစ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် အဖြေ ရှာနိုင်ရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဖြင့် ရရှိနိုင်ရေး ယနေ့ အထိ မျှော်လင့်နေဆဲ ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များက ပြောကြသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် စတင် ကျင်းပမည့် ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက် ရှိလာသော NCA ထိုးထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ခေါင်းဆောင်များက အထက်ပါအတိုင်း ပြော ဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ စလုံးက NCA စာချုပ်ကို အပြည့်အဝ ယုံကြည်မှု ရှိတယ်။ ပြဿနာက NCA စာချုပ်မှာ ပါတဲ့ ပြဌာန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းချို့ယွင်းမှုတွေ ရှိတယ်ဆိုတဲ့ ဟာကို ပြုပြင်ဖို့ပဲ။ NCA အပေါ်မှာတော့ အယုံအကြည် မရှိတာတို့ သို့မဟုတ် အခက်အခဲ ဖြစ်တာတို့ ဆိုတာမျိုး လုံးဝ မရှိပါဘူး”ဟု PPST ခေါင်းဆောင် တဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဒုတိယ အကြိမ် ပင်လုံ ညီလာခံ ပြီးနောက် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲမထွက်ရ ဆိုသည့် ကိစ္စရပ်များတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကြား သဘောထားကွဲလွဲမှုများဖြင့် ရှေ့မဆက်တိုးနိုင်ဘဲ ဖြစ်နေသည်မှာ ပြီးခဲ့သည့် မေလကတည်းက ဖြစ်သည်။
ထို့ကြောင့် PPST ခေါင်းဆောင်များက တစ်ဆို့နေမှုများကို ဖြေရှင်းနိုင်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဆွေးနွေးခွင့်ရရှိရန် ကြိုးစားခဲ့ရာ NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ် ပြည့် ဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံကြရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြသည်။
“တွေ့ ခွင့်ရတယ်ဆိုတဲ့ အချက်က ပထမရလဒ်ကောင်းတယ်။ကျနော်တို့ဆီက ခေါင်းဆောင်တချို့ က အင်တင်တင် လုပ်ပေမယ့် နောက်ဆုံးမှာ မျက်နှာစုံညီတွေ့ ဖို့ လိုအပ်တယ်ဆိုပြီးတော့ PPST ခေါင်းဆောင်များက သဘောထား တွင်တွင်ကျယ်ကျယ် ဖြစ် လာတာဟာ အောင်မြင်မှု တခုပဲ”ဟု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
PPST ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းကလည်း ၎င်းတို့သည် NCA မှ လွဲ၍ အခြား လမ်းကြောင်း မရှိဟု ယုံကြည်ကာ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော် NCA နှင့် ပတ်သက်၍ ၎င်းတဦးတည်း၏ သ ဘောထားမှာ တခြားလမ်းကြောင်း ရွေးမည် ဆိုပါက တိုင်းပြည်ကို ပို၍ ဒုက္ခပေးသလို ဖြစ်မည်ဟု ထင်မြင်ကြောင်း ပြောသည်။
“ဒီတိုင်းပြည်ရဲ့ ပြည်တွင်းစစ်ကို ပိုရှည်ကြာစေမယ့် နည်းလမ်းမျိုး ရွေးမိလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ NCA ဆိုတာ နိုင်ငံရေး ပြ ဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းတော့ဘူးဆိုရင် အဲဒီရွေးချယ်စရာ နည်းလမ်းက နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာပဲ”ဟု ၎င်းက ပြောသည်။
နှစ်ပေါင်းများစွာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် အဖြေရှာခဲ့သည်မှာ မရခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ လက်ရှိ ခေါင်းဆောင်များအနေဖြင့်လည်း NCA လမ်းကြောင်း နှင့်အတူ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဖြေရှင်ပေးနိုင်ပါက ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ဆက်လက် ပြောကြားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် နှစ်ဖက် ဖြေလျော့မှုများဖြင့် ပြုလုပ်ရန် လိုအပ်ပြီး နှစ်ဖက် အလျော့အတင်း လုပ်နိုင်မှသာ NCA လမ်းကြောင်းဖြင့် ရှေ့ဆက်သွားနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း နိုင်ငံရေးနှင့် တိုင်းရင်းသားရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ရှင်းပြသည်။
“ထပ်သီး ခေါင်းဆောင်တွေ တွေ့လို့ အဖြေမထွက်ဘူးဆိုရင် Deadlock ကို မဖြေနိုင်ဘူးဆိုရင်တော့ တော်တော်ကို ဆက်သွားဖို့ ခက်လိမ့်မယ်”ဟု ၎င်းက သုံးသပ်သည်။
လက်ရှိ အခြေအနေတွင် NCA မထိုးရသေးသည့် “ဝ” ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC) ကလည်း နေပြည်တော် ထိပ်သီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး NCA အတွက် အထောက် အကူ ပြုစေမည့် မည်သည့်လမ်းကြောင်းမျိုးမဆို ကြိုးပမ်းဆောင်ရွက်သူ မှန်သမျှကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းကမူ “အခု ထိပ်သီး ဆွေးနွေးပွဲ အဆင့်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အခြေခံမူတွေ ချပြီး ဆွေးနွေးမယ့် အဆင့် မဟုတ်ဘူး။ အဲဒီလို မူတွေ ချမှတ်နိုင်ဖို့ လမ်းညွှန်လောက်ပဲ ဒီအစည်းအဝေးက ချမှတ်နိုင်မှာ။ လမ်းညွှန်မှုတွေ ချပြီးပြီဆိုရင် ဆက်လက် အကောင် အထည်ဖော်ရမှာက UPDJC က လုပ်ရမှာ။ အဲဒီမူတွေ ညှိနှိုင်းနိုင်ဖို့အတွက် လမ်းညွှန်တွေ ချမှတ်ပေးဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
အစိုးရနှင့် NCA ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့တွင် KNU၊ RCSS၊ ABSDF၊ CNF တို့အပါအဝင် မွန်ပြည်သစ် ပါတီ (NMSP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်အမျိုးသားပါတီ (ALP)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNLA/PC) တို့ ပါဝင်ကြောင်း သိရသည်။