သတင်း

ယာဉ်ထိန်းရဲအား ပစ်ခတ် ထွက်ပြေးသူ၏ ကားမှ WY ဆေးပြားများ တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်၍ ထွက်ပြေး သွားသူ နိုင်ပိုက်ထွေးဆိသူ မောင်းနှင်ခဲ့သည့် ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား (WY)များ တွေ့ရှိရကြောင်း မြိုင်သာယာ နယ်မြေ ရဲစခန်းက သတင်း ရရှိသည်။

မြိုင်သာယာ ရပ်ကွက်၊ ဦးစစ်မောင်လမ်းနှင့် သဗိန်ဗရမ်း လမ်းဆုံတွင် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ ဆိုင်ကယ်အား ကားနှင့်တိုက်၍ တပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားသည့် နိုင်ပိုက်ထွေး၏ ယာဉ်ကို သိမ်းဆည်းပြီးနောက် ရှာဖွေမှု ပြုလုပ်ရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၀၀ ပြားပါ အထုတ် ၁၀ ထုတ်မှ ဆေးပြား ၂ ထောင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အခင်းဖြစ်နေရာ၌ 32 S&W LONG တံဆိပ်ပါသော ကျည်ခွံ ၄ ခုကို အောက်တိုဘာ ၁၄ ရက် နံနက်တွင် ရဲတပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့ပြီး အဆိုပါနေ့ မွန်းလွဲပိုင်းတွင် 32 ဆုံလည် သေနတ် အတို ၁ လက်ကို အခင်း ဖြစ်နေရာ အနီးရှိ ရေမြောင်းထဲတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း မြိုင်သာယာ ရဲစခန်း မှတ်တမ်းများ အရ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တဦးနှင့် ဒေသခံတဦး သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနေရသည်။

လက်ရှိတွင် နိုင်ပိုက်ထွေးကို ပြည်သူ့ ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိ အလိုလျောက် အပြင်းအထန် နာကျင်စေမှု၊ လူသတ်မှု ကျူးလွန်ရန် အားထုတ်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော အစု အဝေးတွင် သေစေ လောက်သော လက်နက် စွဲကိုင်ကာ ပါဝင်ခြင်း ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၃၃၃/၃၀၇/၁၁၄ တို့ဖြင့် အမှု ဖွင့်ထားကာ မူးယစ် ဆေးဝါး အမှုနှင့် ပတ်သက်၍ ဆက်လက် အရေးယူရန် အတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်ဟု သတင်း ရရှိသည်။

ထို့ပြင် နိုင်ပိုက်ထွေး နှင့်အတူ ယာဉ်ပေါ် လိုက်ပါလာသူ ရေးမြို့နယ်၊ ၉ မိုင် ကျေးရွာနေသူ အသက် ၃၂ နှစ်ရှိ မအေးမွန် ကို ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးလျက်ရှိပြီး ကျူးလွန်ခဲ့သူ နိုင်ပိုက်ထွေးအား ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ရှာဖွေနေဆဲဖြစ်ကြောင်း မြိုင်သာယာ နယ်မြေ ရဲစခန်းက သတင်း ရရှိသည်။

သေနတ်နှင့် ပစ်ခတ် ထွက်ပြေးသွားသူ နိုင်ပိုက်ထွေး၏ မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ (MMFD) ကော့တုံ ဌာနချုပ်၏ စည်းတံဆိပ်ပါသော တပ်ဖွဲ့ဝင် ကတ်ပြားကို ရဲတပ်ဖွဲ့မှ ရရှိထားသော်လည်း ၎င်းမှာ မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့မှ မဟုတ်ကြောင်း MMFD ၏ စစ်ဦးစီးဖြစ်သူ ဗိုလ်မှူးကြီး နိုင်ရောင်က ဧရာဝတီသို့ ပြောဆိုထားသည်။

ဆက်စပ်ဖတ်ရှုရန်မော်လမြိုင်တွင် ယာဉ်ထိန်းရဲတဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading