ရှေးဟောင်းနယ်မြေ အင်းဝမြို့အနီး အကောင်အထည် ဖော်နေသည့် စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းကို သဘာ၀ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအမံများ (Environmental Management Plan – EMP) ရေးဆွဲပြီးပါက ဆက်လက် လုပ်ကိုင်ခွင့်ပြုမည်ဟု မန္တလေးတိုင်း လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ် ရေးဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
“ဒီဆိပ်ကမ်းက အထက် မြန်မာပြည်တခုလုံးကို ဆီဖြန့်ဖြူးပေးနိုင်မဲ့ နေရာဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုအမြင်အရ ဆောက် လုပ်ခွင့်ပြုဖို့ လိုအပ်တာမှန်ပေမဲ့ ဒါကြီးကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုအပေါ် ကုစားမှုတွေ လုပ်ဖို့ လိုအပ် တယ်။ ဒါတွေ အပြည့်အစုံလုပ်ဖို့လည်း ပြောထားတယ်။ ဒါတွေအားလုံး ပြီးပြည့်စုံပြီလို့ တင်ပြလာရင် အစိုးရအဖွဲ့က ခွင့်ပြုမှာပါ” ဟု ၎င်းကဆိုသည်။
မန္တလေးတိုင်းနှင့် အထက်မြန်မာပြည်အတွက် စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးနိုင်မည့် စက်သုံးဆီ ဆိပ်ကမ်းတခုကို မန္တလေးတိုင်း အမရပူရမြို့နယ် ဧရာဝတီ မြစ်ကမ်းနံဘေးရှိ အိုးထုတ္တန်းရပ်ကွက်တွင် ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းက စတင် အကောင်အထည် ဖော်ခဲ့ပြီး ရှေ့ပြေး စီမံကိန်းအဖြစ် ဂါလန် ၂ သန်းဆံ့ ဆီသိုလှောင်ကန် ၂ ခုကို တည် ဆောက်ခဲ့သည်။
သို့သော် လက်ရှိ အစိုးရ လက်ထက်တွင် စီမံကိန်းဧရိယာသည် ရှေးဟောင်း အမွေအနှစ်ဇုန်ဖြစ်သည့် အင်း၀ မြို့ဟောင်း၊ သပြေတန်း ခံတပ်တို့အနီး တည်ရှိသဖြင့် သဘာ၀ ပတ်ဝန်းကျင်နှင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အပေါ် ဆိုးကျိုးများ မသက်ရောက်စေရန် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအမံ (EMP) လေ့လာဆန်းစစ်ချက် များ အား ရေးဆွဲ ဆောင်ရွက်စေခဲ့ပြီး ၎င်းတို့ ပြီးမှသာ စီမံကိန်းကို ရာနှုန်းပြည့် ဆောင်ရွက်ခွင့်ပြုမည်ဟု ဆိုသည်။
ယင်းစီမံကိန်းမှာ မြေဧက ၄၀ ကျော်ပေါ်တွင် ဂါလန်၂ သန်းဆံ့ ဆီသိုလှောင်ကန်ပေါင်း ၃၂ ကန် တည်ဆောက်သွား မည်ဖြစ်ရာ အင်ဂျင်နီယာ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ရန်နှင့် သဘာ၀ ပတ်ဝန်းကျင် မထိခိုက်စေရန်တို့ကို စိစစ်နိုင်ရန် အတွက် ယခင်အစိုးရက ရှေ့ပြေးစီမံကိန်းအဖြစ် ခွင့်ပြုထားသည့် သိုလှောင်ကန် ၂ ကန် တည်ဆောက်ပြီး ပါက လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် တိုင်းအစိုးရက ညွှန်ကြားထားကြောင်း သိရသည်။
စီမံကိန်း အကောင်အထည် ဖော်နေသည့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးသက် ဝေက “EIA, SIA အစီရင်ခံစာတွေ ဆွဲနေတုန်း ရှိပါသေးတယ်။ အဲဒါတွေပြီးရင် ဆက်လုပ်ခွင့် ပြုမယ်လို့တော့ ဝန်ကြီး ချုပ်က နှုတ်မိန့်နဲ့ ပြောထားတယ်” ဟု ဧရာဝတီကို ပြောသည်။
အစီရင်ခံစာကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် တင်ပြနိုင်ရန် ကုမ္ပဏီဘက်မှ ကြိုးပမ်းနေပြီး စီမံကိန်း ဆက်လုပ်ခွင့် ရရှိပါက ၂ နှစ်အတွင်း အပြီးသတ် အကောင်အထည် ဖော်မည်ဟု သိရသည်။
စီမံကိန်းတွင် ဆီဂါလန်န် ၂ သန်းဆံ သိုလှောင်ကန် ၃၂ လုံး၊ ဆီတွဲများ ဆိုက်ကပ်ရန် ဆိပ်ခံတံတား ၄ ခု၊ မီးဘေး လုံခြုံရေးအတွက် ဂါလန် ၅ သိန်းဆံ့ ရေကန် ၁ ကန်ပါဝင်မည် ဖြစ်သည်။
အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်သည့် စိမ်းရောင်စိုနှင့် အဖွဲ့မှ ဦးမောင်မောင်ဦးက “ဘယ်လိုပဲ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင်လုပ်မယ် ပြောပါစေ၊ လက်ရှိ ဆီအတင် အချလုပ်နေတဲ့ ရွှေကြက်ယက် ဆိပ်ကမ်းကိုပဲ ကြည့်ပါ။ အဲဒီနေရာတဝိုက်က ဧရာဝတီမြစ်ရေရဲ့ အရည်အသွေး၊ အရောင်က အစ ပြောင်းလဲနေပါပြီ။ ပြီးတော့ ဆီအတင်အချ သဘောၤကြီးတွေ ကမ်းကပ်မယ်ဆိုရင် တဘက်မှာရှိတဲ့ အင်းဝဘက် မြစ်ကမ်းမှာ ကမ်းပါးပြိုတာတွေ ဖြစ်လာနိုင်ပါ တယ်” ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး စီမံကိန်းဧရိယာသည် မန္တလေးနှင့် အင်းဝမြို့ ရေဝေရေလဲ ဧရိယာများဖြစ်ကာ စီမံကိန်းအတွက် မြေဖို့မှုများ ပြုလုပ်ခဲ့၍ ပြီးခဲ့သည့် နှစ်မှစ၍ မိုးရာသီတွင် အင်းဝနှင့် တံတားဦးဒေသ တို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ သည့်အတွက် ရှေးဟောင်း ယဉ်ကျေးမှုဇုန်နယ်မြေ မထိခိုက်စေရန် သက်ဆိုင်ရာက သေချာစွာ စိစစ်ကြပ်မတ်ရန် လိုအပ်ဟု ထပ်ပြောသည်။
စီမံကိန်းအတွက် မန္တလေးတိုင်းအစိုးရက အဖွဲ့က ကြီးကြပ်ကော်မတီ တရပ် ဖွဲ့စည်းကာ ကဏ္ဍအလိုက် စစ်ဆေး ကြီးကြပ်မှုများ ဆောင်ရွက်နေသည်ဟု တိုင်း လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ယင်းကော်မတီတွင် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီဘက်မှ တာဝန်ရှိသူများအပြင် အစိုးရဘက်မှ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ပင်မရေနံ သိုလှောင်ရေး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မန္တလေး စက်မှု တက္ကသိုလ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပါဝင်သည်။
လက်ရှိတွင် မန္တလေးမြို့၌ ဆီအတင်အချ ဆိပ်ကမ်းအဖြစ် ဧရာဝတီ မြစ်ကမ်းဘေးရှိ ရွှေကြက်ယက် ဆိပ်ကမ်းကို အသုံးပြုကာ နေ့စဉ် ဆီဂါလန် ၁၀သိန်းခန့် အတင်အချလုပ် ဖြန့်ဖြူးနေသော်လည်း ဆီသိုလှောင် ဆိပ်ကမ်းမရှိသေးပေ။
ယခုအခါ မန္တလေးတိုင်း ဒေသကြီးအတွင်း နေ့စဉ် သုံးစွဲနိုင်ရန်အတွက် စက်သုံးဆီ လိုအပ်ချက် ပမာဏသည် ဒီဇယ် ဂါလန် ၅ သိန်းဝန်းကျင်၊ အောက်တိန်းဂါလန် ၁ သိန်းခွဲ ရှိပြီး အသုံးပြုရန် လိုအပ်သည့် စက်သုံးဆီကို တွဲရေယာဉ်များဖြင့် သယ်ဆောင်၍ ရွှေကြက်ယက် ဆိပ်ကမ်းတွင် အတင်အချလုပ်ခြင်း၊ ဆီသယ် ယာဉ်များဖြင့်လည်း တိုက်ရိုက် သယ်ယူ ပေးနေကြောင်း သိရသည်။