သတင်း

နန်းမိုဟွမ်ကို TNLA ပြန်လွှတ်ပေး

Want create site? Find Free WordPress Themes and plugins.

ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဖမ်းဆီးထားသည့် နန်းမိုဟွမ်ကို ပြန်လွှတ် ပေး လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် ဖမ်းဆီးထားသည့် နန်းမိုဟွမ်ကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ ပြန်လွှတ် ပေးလိုက် ခြင်း ဖြစ်သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီ သို့ ပြောသည်။

TNLA ၏ အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ ကြားဝင် စေ့စပ် ညှိနှိုင်းမှု၊ မိမိတို့ မဟာမိတ်ဖြစ်သည့် ရှမ်းပြည် တိုးတက် ရေး ပါတီ (SSPP/SSA) ၏ မေတ္တာရပ်ခံချက်နှင့် ပလောင် နှင့် ရှမ်း လူမျိုးတို့ကြား ရေရှည် ချစ်ကြည်ရေးကို ရှေးရှု၍ ပြစ်ဒဏ်မှ ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု ဖော်ပြထားသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “လွတ်ငြိမ်း ချမ်းသာခွင့်ကတော့ ကျနော်တို့ facebook မှာ တင်ထားတယ်။ အဲဒီထဲမှာတော့ အပြည့်အစုံ ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ လွှတ်တာတော့ ဒီနေ့ပဲ ကျနော်တို့ ပြန်လွှတ်ပေးတယ်။ လွှတ်တဲ့အချိန်မှာ သူ့ရဲ့ ဆွေမျိုးမိဘတွေ လာတယ်၊ ဒီမနက်ပဲ ကျနော်တို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကျနော်တို့ ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ မိသားစုဆွေမျိုးထံ ပြန်အပ်ပေးပြီး ဖြစ်ပါတယ်။ ဘယ်သူတွေ ပါတယ်ဆိုတာတော့ ကျနော်တို့ ဖုန်းအဆက်အသွယ် မရ သေးဘူး။ ရရင် ကျနော်တို့ ညနေသတင်း ပြန်တင်ပေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

နန်းမိုဟွမ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကာ သြဂုတ် ၁၇ ရက်တွင် TNLA က နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၅ ရက်တွင် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် TNLA ဗဟိုတရားရုံးက ချမှတ်ခဲ့သည်။

နန်းမိုဟွမ်၏ အစ်မဖြစ်သူ နန်းမိုခမ်းက မိမိတို့ အနေဖြင့် အဆက်အသွယ် မရသေးသည့်အတွက် အသေးစိတ် မသိရ သေးကြောင်း ဧရာဝတီကို ပြောပြသည်။

သို့သော် နန်းမိုဟွမ် လွတ်မြောက်ရေး ဆောင်ရွက်ပေးနေသည့် လူငယ်များကွန်ရက် (နမ့်ခမ်းမြို့) မှ ဆက်ဆံရေး တာဝန်ခံ စိုင်းသိန်းရွှေက အခြေအနေကို အသေးစိတ် မသိရသေးသော်လည်း SSPP ကတဆင့် နန်းမိုဟွမ်ကို ပြန်လည် အပ်နှံပေးမည် ဖြစ်ကြောင်း ကြားသိရသည်ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး“အရင်က သူတို့က SSPP ကို သူအပ်ပေးမယ်ပေါ့နော်။ ကျနော် SSPP နဲ့ ချိတ်ကြည့်တော့ ဆက် သွယ်လို့ မရသေးဘူး။ သူတို့က SSPP နဲ့ တိုက်ရိုက် ဆက်သွယ်ပြီးတော့ ကူညီပေးတာလေ။ အဲဒါကြောင့် သူတို့ SSPP ကို ပြန်အပ်ပေးမယ်။ SSPP ကနေတဆင့် မိသားစုဝင်တွေကို ပြန်ပြီးတော့ ပြန်အပ်ပေးမယ်ပေါ့။ အဲဒီလိုသဘော ရှိ တယ်။ မနက်ဖြန်လောက် ဆိုရင် SSPP ဌာနချုပ်ကို သူတို့ ရောက်ပြီဆိုရင် အခမ်းအနားလေးနဲ့၊ နောက်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲ သဘောမျိုး သူတို့ လုပ်မယ်လို့ အဲဒီလိုတော့ ကြားမိပါတယ်။ အသေးစိတ်တော့ ကျနော် မသိ သေးဘူးဗျ”ဟုလည်း ပြောဆိုသည်။

လက်ရှိတွင် နန်းမိုဟွမ်အား TNLA က SSPP/SSA အပါအဝင် မိသားစုဝင်များနှင့် ဆွေမျိုးများထံ ပြန်လည်အပ်နှံမည် ဆို၍ သွားရောက် ကြိုနေကြပြီ ဖြစ်ကြောင်း၊ မိသားစုဝင် ၂ ဦးနှင့် နမ့်ခမ်း ကိုယ်စားလှယ်လည်း သွားကြိုရာတွင် လိုက်ပါ သွားကြောင်း သိရသည်။

SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က “ဒီနေ့ နန်းမိုဟွမ်ကို သွားကြိုနေတယ်၊ SSPP နဲ့ သူ့မိသားစုတွေ၊ အမျိုးတွေ သွားကြိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။

နန်းမိုဟွမ်အား TNLA ဖမ်းဆီး သွားစဉ်ကတည်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က ပြန်လွှတ် ပေးရန် တောင်းဆိုဖူးသည်။

ထို့ပြင် ရှမ်းပါတီများ ဖြစ်သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ (SNDP) အပါဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံ ရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တို့ကလည်း နန်းမိုဟွမ်အား လွှတ်ပေးရန် တောင်းဆို ခဲ့ကြသည်။

ဆက်စပ်ဖတ်ရှုရန်နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် TNLA သဘောတူဟု FPNCC အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading