ပြည်ထောင်စုမှ ခွဲမထွက်ရေး အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား ခေါင်းဆောင်များကို ကတိ တောင်းလိုက်သည်။
ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတခုကို တည်ဆောက်ရာတွင် တပ်မတော်က ခွဲမထွက်ရဆိုသည့် တားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် ရေရှည်အာမခံချက် ရှိစေရန်၊ တိုင်းရင်းသား တဦးနှင့်တဦး သံသယကင်းစွာဖြင့် ထာဝရ ငြိမ်းချမ်းရေး လမ်းပေါ်တွင် အတူတကွ လက်တွဲနိုင်ရန်အတွက် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် ပြုလုပ်နေသည့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘော တူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များ သီးသန့် တွေ့ဆုံ ပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
“ခွဲမထွက်ရ ဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့ အဖွဲ့အစည်းများ ပြောသလို တိုင်းရင်းသား ညီအစ်ကို များအပေါ် မယုံကြည်လို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် ရှိစေဖို့၊ ယုံကြည်ချင်လို့ တဦးနဲ့တဦး သံသယ ကင်းကင်းနဲ့ ထာဝရ ငြိမ်းချမ်းရေး လမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ကျနေ်ာ ပြောကြားလိုပါ တယ်”ဟုလည်း ၎င်းက ပြောသည်။
ထို့ကြောင့် ခွဲမထွက်ရဘူးဆိုသည့် သဘောတူညီချက်ကို ထည့်သင့်၊ မထည့်သင့် အငြင်းပွားနေစရာ မလိုဘဲ NCA ၏ အခြေခံမူ၊ ၂၀၀၈ အခြေခံ ဥပဒေ၏ အခြေခံမူတွေအရ ထည့်သွင်းရန် လိုအပ်သည့် သဘောတူညီချက် ဖြစ်ကြောင်း၊ ဥပဒေကဲ့သို့ သဘော သက်ရောက်မည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် တိုက်တွန်းချက်များ ဖော်ပြသလို တားမြစ်ချက်၊ မလုပ်ဆောင်ရမည့် အချက် များကိုလည်း ဖော်ပြထားမှ ပြည့်စုံမည် ဖြစ်ကြောင်း တပ်မတော် ခေါင်းဆောင် က ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီးက“ပြည်ထောင်စုရဲ့ မည်သည့် အစိတ်အပိုင်းကိုမဆို ပြည်ထောင်စုက ခွဲမထွက်ရဆိုပြီး ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ မှာ ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ ခွဲမထွက်ရဆိုတဲ့ စကားဟာ ထာဝရ ငြိမ်းချမ်း ရေး အတွက် အမှန်တကယ် လိုအပ်တဲ့ စကားတခု ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဆက်လက် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဒုတိယ အကြိမ် ပင်လုံ ညီလာခံ ပြီးနောက် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲမထွက်ရ ဆိုသည့် ကိစ္စရပ်များတွင် အစိုးရ၊ တပ် မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား သဘောထား ကွဲလွဲမှုများဖြင့် ရှေ့မဆက်တိုးနိုင်ဘဲ ဖြစ်နေ သည်မှာ ပြီးခဲ့သည့် မေလကတည်းက ဖြစ်သည်။
ထို့ကြောင့် ငြမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST) ခေါင်းဆောင်များက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေ မှုများကို ဖြေရှင်းနိုင်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် တို့နှင့် ဆွေးနွေး ခွင့်ရရှိရန် ကြိုးစားခဲ့ရာ NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် ဖြစ်သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် တွင် တွေ့ဆုံကြရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြသည်။
မွန်ပြည်သစ် ပါတီ ဒု ဥက္ကဋ္ဌ နိုင်ဟံသာက “နိုင်ငံရေးအရ နည်းလမ်းရှာမယ်၊ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်ပေါ့ဗျာ။ တစ်ဆို့ နေတဲ့ ကိစ္စကတော့ ခွဲမထွက်ရနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို သူတို့ ညှိထားတယ်။ ခွဲမထွက်ရကို လက်မခံရင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မဆွေး နွေးဘူးဆိုပြီးတော့ အဲ့ဒါပဲ”ဟု ယနေ့ နံနက်ပိုင်းတွင် သတင်းထောက် တချို့ကို ပြောသည်။
NCA စာချုပ်အရ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အခြေခံ သဘောတူညီချက် များ ထည့်သွင်း ထားပြီး ဖြစ်ရာ စာချုပ်ကို လက်မှတ်ရေးထိုးပြီးပါက ယင်းသဘောထားများကို လိုက်နာရမည် ဖြစ် သော်လည်း ထပ်မံပြီး “ခွဲမထွက် ရ”ဆိုသည့် စကားရပ်ကို ထပ်မံ ထည့်သွင်းပြန်သဖြင့် တိုင်းရင်းသားများက “တင်စီး” လွန်းသည်ဟု ခံစားနေရကြောင်း ရှမ်းတိုင်း ရင်းသားတဦး ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြော သည်။
“တဖက်ကလည်း ခွဲမထွက်ရ ဆိုတာမျိုး ထပ်မထည့်သင့်တော့ဘူး။ တဖက်ကလည်း ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိတယ် ဆိုတာမျိုး မ ပြောရတော့ဘူး။ နောက်တခုက ပြည်ထောင်စု အစိုးရကို ဗမာလူမျိုးတွေရဲ့ အစိုးရလို့ပဲ မြင်နေသရွေ့ ဒီကိစ္စက မပြေလည်နိုင်ဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
ယနေ့ တွေ့ဆုံသည့် ထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးရန် ခက်ခဲသည်ဟု ပြောနေကြသော ခွဲမထွက်ရဆိုသည့် စကားရပ်နှင့် ပတ်သက်၍ လက်နက်ကိုင် အများစုကို စုစည်းပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် တို့တာဝန် အရေး ၃ ပါးကို ဦးတည်ရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု ပြိုကွဲရေးကို ဦးတည်စေသည့် ကိစ္စများကို မူလ ဆွေးနွေးမှုကတည်းက ရှောင်ရှားရန် လိုကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းဆိုတဲ့ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ဆွေးနွေးရာမှာ တို့တာဝန် အရေး ၃ ပါးကို လိုက်နာလက်ခံဖို့၊ ခွဲထွက်ရေး ကိစ္စကို မပြောဖို့ ဆွေးနွေးဖို့ သဘောတူပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တိုးတက် ဆောင်ရွက်ခဲ့တယ် ဆိုတာကို အမှတ်ရဖို့ လိုပါတယ်”ဟု ၎င်းက ပြောဆို သွားသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ကလည်း နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွင် ရင်ဆိုင် ကြုံတွေ့နေရသည့် အဓိက ရှေ့တိုးရန် ခက်ခဲနေသည့် အချက်ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုသည့် အမြင်တို့သည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ကွဲပြားနေသည်ဟု ယနေ့ နေပြည် တော် အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ပြောသည်။။
“ဒါကို အားလုံး လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေးဆိုင်ရာ ဖြစ်သလို ကျနော်တို့ အားလုံး မျှော်မှန်းနေတဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုက်ရိုက် ပတ်သက်နေ ပါ တယ်”ဟုလည်း ၎င်းက ပြောဆိုသွားသည်။
အစိုးရသည် ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင် ညီလာခံ ၃ ကြိမ် ကျင်းပပြီး အခြေခံမူတွေ ရရှိအောင် ဆောင်ရွက်နိုင်ရန် ရည်မှန်း ချက်ထားခဲ့ရာ ပြီးခဲ့သည့် ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍနှင့် မြေယာ နှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍများအတွက် အခြေခံမူ ၅၁ ချက် ရရှိခဲ့ပြီး ထိုအချက်များကို ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်းအဖြစ် စုစည်းထားပြီးလည်း ဖြစ်သည်။