သတင်း

အထက်ရဲရွာဆည် တည်ဆောက်ခြင်း ရပ်ရန် ဒေသခံနှင့် လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြစ် (မြစ်ငယ်မြစ်) တွင် အထက်ရဲရွာဆည် တည်ဆောက်ခြင်းကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် သီပေါမြို့နယ်ရှိ ဒေသခံ တထောင်ခန့်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာလ ၁၂ ရက်နေ့က စုဝေးခဲ့သည်။

လွန်ခဲ့သောလက ပြည်ထောင်စုလွှတ်တော်တွင် ကုန်ကျစရိတ် ခွင့်ပြုပေးခဲ့သည့် ထိုဆည်စီမံကိန်းကို ချက်ခြင်းဖျက်သိမ်းရန် သီပေါဒေသခံများက တောင်းဆိုသည်။

“ရွာသားတွေ တောင်းဆိုတာက ဒီဆည်စီမံကိန်း ကန့်ကွက်မှုကို အားလုံးကပါဝင်ပြီး သူတို့နဲ့အတူ ရပ်တည် ပေးကြဖို့ ပြောပါတယ်” ဟု သီပေါ မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေး ကပြောသည်။ သူသည် အောက်တိုဘာလ ၁၂ ရက်က လူထုစုဝေးမှုတွင် ဆည်စီမံကိန်းကို ပြည်သူများနှင့်အတူ ဆန့်ကျင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနက် တစ်ဦးဖြစ်သည်။

ဒေသခံများသည် အထက်ရဲရွာ ဆည်တည်ဆောက်မှုစီမံကိန်းကို ဆန့်ကျင်လာခဲ့သည်မှာ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်သည်။ စီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်ခြင်းဖြစ်သော်လည်း လူထုထံ အသိပေးသည်မှာ ၂၀၁၄ ခုနှစ်ကမှ ဖြစ်သည်။ အစိုးရက တည်ဆောက်ရေးစရိတ်များကို ၂၀၁၀ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ခွင့်ပြုပေးနေသည်။

ဆည်တည်ဆောက်သည့် ဧရိယာသည် အရှေ့တာလုံနှင့် အနောက်တာလုံ ကျေးရွာနားတွင် ဖြစ်သည်။ အကယ်၍ တည်ဆောက်ပြီးစီးပြီးနောက် ဆည်ကျိုးကျပါက ”လူဦးရေ ၆၅၃ ဦးရှိသော တာလုံရွာနှစ်ရွာအပြင် သစ်သီး ဥယာဉ်ခြံ ၆၃၇ ဧက၊ လယ်ယာမြေ ၁၄၀ ဧက၊ မရေမတွက်နိုင်သော တောင်ယာစိုက်ခင်းများနှင့် ဘုရားစေတီ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများကို အားလုံးရေလွှမ်းမိုးခံရစေမည်” ဖြစ်ကြောင်း စီမံကိန်းကို အနီးကပ်စောင့်ကြည့်နေသည့် ဒေသခံများနှင့် လွှတ်တော်ကိုယ်စားများက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

အထက်ရဲရွာဆည်အတွက် တောင်းခံသည့် ငွေ ကျပ် ၃.၇ ဘီလျှံမှ ကျပ် ၃.၂ ဘီလျှံကို ဖြတ်တောက်ရန်နှင့် ဆည်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အကဲဖြတ်မှုများ ပြုလုပ်နိုင်ရေးအတွက် စီမံကိန်းကို ရပ်ထားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသန့်စင်က စက်တင်ဘာလက ကျင်းပသည့် လွှတ်တော်တွင် အဆိုပြုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ထိုအဆိုက မဲခွဲပယ်ချခဲ့သည်။

ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ လွန်ခဲ့သောနှစ်များအတွင်း ဆည်တည်ဆောက်နေသော ကုမ္ပဏီများက ပြုလုပ်သည့် ပြည်သူလူထုနှင့် ညှိနှိုင်းမှုများတွင် ဒေသခံအများစုကို ချန်လှပ်ထားခဲ့ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဧရာဝတီ သတင်းဌာနသို့ ၎င်းက ပြောသည်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး ထိုစီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးမြန်းဆွေးနွေးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ သတင်းအချက်အလက် မရရှိဟု သူပြောသည်။

“ဒီကုမ္ပဏီတွေရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု ထိခိုက်မှု အစီရင်ခံစာတွေဟာ စံချိန်မမီဘူးလို့ ကျနော်သိထားတယ်” ဟုလည်း သူပြောသည်။

“တည်ဆောက်ရေးစရိတ်ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်လို့ ဒေသခံတွေ အရမ်းကို စိတ်မကောင်းဖြစ်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ဆိုသည်။ တာလုံကျေးရွာသားများသည် ၎င်းတို့ကျေးရွာမှ မရွှေ့ပြောင်းလိုဘဲ စီမံကိန်းရပ်ဆိုင်းရန်သာ တောင်းဆိုကြောင်း သူက ဆက်ရှင်းပြသည်။

“သဘာဝ သယံဇာတတွေ အားလုံး ဗဟိုထိန်းချုပ်မှုအောက်မှာ ရှိနေခြင်းကလည်း ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခရဲ့ အရင်းအမြစ်ပဲ” ဟု တာလုံကျေးရွာသူ နန်းလောဝ်ခမ်းက ပြောသည်။ ဒေသခံပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်ပြီး တိုင်းရင်းသားပြည်နယ်များတွင် အစိုးရက သယံဇာတကို ဆက်လက် အမြတ်ထုတ်နေပါက ပဋိပက္ခဖြစ်ပွားနေသော ပြည်နယ်များသည် မည်သည့် အခါတွင်မျှ ငြိမ်းချမ်းရေးကို မြင်တွေ့ရမည် မဟုတ်ကြောင်း သူက ဆက်ပြောသည်။

နမ္မတူမြစ်ပေါ်တွင် ဆည်တည်ဆောက်ရေးရပ်ရန် သမ္မတ ဦးဝင်းမြင့်နှင့် ဆည်တည်ဆောက်နေသော ကုမ္ပဏီများ၏ သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ တောင်းဆိုစာပေးပို့ရန် ဒေသခံများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက စီစဉ်နေကြောင်း နန်းစမ်းစမ်းအေးက ပြောသည်။

ထိုဆည်ကို ဂျာမဏီမှ Lahmeyer ၊ ဆွစ်ဇာလန်မှ Stuckey SA ၊ ပြင်သစ်ဖက်စပ်လုပ်ငန်း IPGRB စသည့် ပြည်ပကုမ္ပဏီများက တည်ဆောက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီး ဦးထွန်းနိုင်က လွန်ခဲ့သောလက လွှတ်တော်၌ မေးခွန်းများဖြေကြားရာတွင် ပြောခဲ့သည်။

“[ဒုဝန်ကြီး] ဦးထွန်းနိုင် သည် Lahmeyer သည် လူရာချီသေဆုံးပြီး၊ ထောင်ပေါင်းများစွာအိုးအိမ်မဲ့ဖြစ်စေခဲ့သည့် ဇူလိုင်လက လာအိုတွင်ပြိုကျသည့် ရှီပင်- ရှီနမွိုင်ဆည်ကို တည်ဆောက်သည့် အတိုင်ပင်ခံအင်ဂျင်နီယာလုပ်ငန်း Tracetebel ENGIE ၏ လက်အောက်ခံလုပ်ငန်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောရန် ပျက်ကွက်သည်” ဟု သီပေါဒေသခံများ အောက်တိုဘာလ ၁၂ ရက်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖေါ်ပြထားသည်။

“နိုင်ငံခြားကုမ္ပဏီများသည်ဒေသခံများ၏ နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေကာတာဆန့်ကျင်ခြင်းအပေါ် လျစ်လျူရှုနေသည်” ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြေညာချက်တွင်ဖေါ်ပြထားသည်။ မြန်မာနိုင်ငံ၏ စစ်ပွဲပဋိပက္ခဖြစ်ပွားရာဒေသများရှိ ဆည်များတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ဆည်များကိုအားပေးခြင်းသည် ပဋိပက္ခကို မီးထိုးပေးပြီး ငြိမ်းချမ်းရေးအားထုတ်မှုများကို ထိခိုက်စေသောကြောင့် စီမံကိန်း ရပ်ရန် ဒေသခံများက ပြည်ပကုမ္ပဏီများကို တိုက်တွန်းတောင်းဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading