သတ္တိရှိရှိဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိပါက ပြည်သူများ အပေါ် တာဝန် မကျေရာ ရောက်နိုင်ကြောင်း နိုင်ငံ တော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ယနေ့ နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်သော အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးသူများ သီးသန့် တွေ့ဆုံပွဲတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC)၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်း၏ အဖွင့် မိန့်ခွန်းတွင် ပြောကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်လာကြတဲ့ ဒီနေ့လို အစည်းအဝေးမျိုးမှာမှ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း မရှိဘူး ဆိုရင် ပြည်သူတွေ အပေါ် တာဝန် မကျေပွန်ရာ ရောက်သွားစေနိုင်တယ် ဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ စစ်မြေပြင်မှာ အသက်စွန့်ပြီး တိုက်ခိုက်ကြနိုင်ဖို့ သတ္တိ လိုသလို အရေးကြီးလှတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ စိတ်ရင်း စေတနာမှန်နဲ့ ဆုံးဖြတ်နိုင်ဖို့ လည်း သတ္တိ လိုပါတယ်”ဟု ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးများ ဆက်လက် ကျင်းပနိုင် ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ လူ နည်းစု အခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများ ချမှတ်နိုင်ရေး၊ ပြည်ထောင်စု တပ်မတော် ဆိုင်ရာ ကိစ္စ အပါအဝင် အချက် ၅ ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခု အစည်းအဝေးတွင် သဘောတူညီချက်များ ချမှတ် နိုင်ရန် အတွက် အားလုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိ ရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် ရလဒ်များသည် လက်တွေ့ကျကျ ဖော်ဆောင်နိုင်မည် ဆိုသည်ကို ယုံကြည် မှုရှိရန် အထူး အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကျမတို့ တာဝန်ခံကြရတဲ့ ကျမတို့ မျက်နှာမူကြရမယ့် ကျမတို့ရဲ့ ပြည်သူတွေကို မျက်မှောက်ပြုပြီး ကျမတို့အားလုံး သတ္တိ ရှိကြဖို့ အလေးအနက်ထား တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မပါဝင်နိုင်သေးသည့် အဖွဲ့များ ပါဝင်နိုင်ရန် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တပ်မတော် ခေါင်းဆောင်များက ကြိုးပမ်းနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အတိတ်က ဖြစ်စဉ် ဖြစ်ရပ်တွေကို သင်ခန်းစာ အဖြစ် ထားရှိပြီး ရှေ့ကိုဆက်ပြီး ကျမတို့ စားပွဲဝိုင်းတွေဆီ အမြန်ဆုံး ရောက်ရှိလာနိုင်အောင် ကြိုးပမ်းပေးဖို့၊ ကျမတို့ ပြည်သူတွေ တွေ့ချင်မြင်ချင်လှတဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲကို အရောက် လှမ်းနိုင်အောင် ကြိုးစားပေးကြဖို့ မပါဝင်နိုင်သေးတဲ့ အဖွဲ့တွေကို ဒီနေရာကနေ တိုက်တွန်း ပြောကြား လိုပါတယ်”ဟု လည်း ၎င်းက ဆက်လက် ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေး ကိစ္စသည် လိပ်ခဲတည်းလည်း ဖြစ်နေပြီး ပြည် ထောင်စု၏ ပကတိ တည်ရှိမှုကို လက်ခံထားပါက ခွဲမထွက်ရေးသည် ပြဿနာ မဟုတ်ကြောင်း၊ တိုင်းရင်းသားများ တောင်းဆိုသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည် အကောင်အထည် ဖော်မည် ဆိုသည်ကို အကြိမ်ကြိမ် ပြောကြားခဲ့ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
၎င်းက“ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာ အောင် အားလုံး လက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန် အရေးကြီးတယ် ဆိုတာကို ပြောလို ပါတယ်”ဟု ဆိုသည်။
ပြည့်စုံသည့် စနစ်၊ မူဝါဒများဖြင့် ဖက်ဒရယ် ပြည်ထောင်စု ပုံစံကို အစုအဖွဲ့ အသီးသီးက စဉ်းစားထားကြမည် ဖြစ်ပြီး ယင်း ဖက်ဒရယ် အိပ်မက် မည်ကဲ့သို့ အကောင်အထည် ဖော်မည်ကို လက်တွေ့ကျကျ စဉ်းစားရမည် ဖြစ်ကြောင်း အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောသည်။
“စိတ်ကူး စံပြု ဖက်ဒရယ် အိပ်မက်က တဘက်မှာ ရှိနေပြီး ဒီကနေ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အရှိ တရား ကလည်း တဖက်မှာ ရှိနေပါတယ်။ ဒီနှစ်ခုကြားမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းခံ တွေကို တခုချင်းစီ ညှိနှိုင်း ဆွေးနွေးပြီး တဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မယ် ဆိုရင် ဖြစ်နိုင်ခြေလည်းရှိ လက်တွေ့ လည်းကျ အကောင်အထည်ဖော် ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့် အခြေအနေ တရပ်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါ တယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)၏ အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နိုင်ငံရေး ဆွေးနွေးပွဲများတွင် ရင်ဆိုင်ကြုံတွေ့နေရသော အဓိက ရှေ့ဆက်မရသည့် အချက်ဖြစ်သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရ ဆိုသည့် အမြင်အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့၊ အစိုးရနှင့် တပ်မတော်တို့ကြား အမြင် ကွာဟချက်များ ရှိနေပြီး လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း သီးသန့် အစည်းအဝေး မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။
တိုင်းရင်းသားများ တောင်းဆိုနေသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်သည် ပြည်ထောင်စု တခု အတွင်းရှိ ပြည်နယ်များက ကျင့်သုံး ရမည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မျိုး ဖြစ်ပြီး ယင်းကို ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ ပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံးရမှာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ တောင်းဆိုနေတဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်း ချက်နဲ့ သဟဇာတ ရှိရှိ ရေးဆွဲပြဋ္ဌာန်းရမှာ ဖြစ်ပြီး တဆက်တည်းမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အငြင်းပွား မှု များကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြော သည်။
ဒုတိယ အကြိမ်၂၁ ပင်လုံ ညီလာခံ ကျင်းပပြီးစီးသည့် နောက်ပိုင်း ရှေ့ဆက်မတိုးနိုင် ဖြစ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို NCA လမ်းကြောင်းဖြင့် ဆက်လက် အဖြေ ရှာနိုင်ရန် မျှော်လင့်ကြောင်း PPST ခေါင်းဆောင်များက ပြောသည်။
PPST ခေါင်းဆောင် တဦး ဖြစ်သူ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း ကလည်း ၎င်းတို့သည် NCA မှ လွဲ၍ အခြား လမ်းကြောင်း မရှိဟု ယုံကြည်ကာ စာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော် NCA နှင့် ပတ်သက် ၍ ၎င်း တဦးတည်း၏ သဘောထားမှာ တခြားလမ်းကြောင်း ရွေးမည် ဆိုပါက တိုင်းပြည်ကို ပို၍ ဒုက္ခပေးသလို ဖြစ်မည် ဟု ထင်မြင်ကြောင်း ပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဒုတိယ အကြိမ် ပင်လုံ ညီလာခံပြီးနောက် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲမထွက်ရ ဆိုသည့် ကိစ္စရပ်များတွင် အစိုးရ၊ တပ်မတော် နှင့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့များကြား သဘောထားကွဲလွဲမှုများဖြင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေသည်မှာ ပြီးခဲ့သည့် မေလ ကတည်းက ဖြစ်သည်။
ထို့ကြောင့် PPST ခေါင်းဆောင်များက ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေသည့် အချက်များကို ဖြေရှင်းနိုင်ရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဆွေးနွေး ခွင့် ရရှိရန် ကြိုးစားခဲ့ရာ NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ် ပြည့် ဖြစ်သည့် အောက်တိုဘာလ ၁၅ ရက် နေပြည်တော် တွင် တွေ့ဆုံကြရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၌ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်း လွယ်ကူစွာ ချမှတ်နိုင်မည့် ဆွေးနွေးမှု ပုံစံများ ရှာဖွေရေး၊ အလုပ် အဖွဲ့များ ကော်မတီများနှင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်း ခေါင်းဆောင်များကြား ဆုံးဖြတ်နိုင်ရေး၊ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးတို့ ပါဝင်ကြောင်း သိရသည်။
ထို့အတူ တပ်မတော်ဘက်မှ အစဉ်တစိုက် တင်ပြခဲ့သော “တခုတည်းသော တပ်မတော် ထားရှိရေးမူကို လက်ခံရမည်” ဆိုသည့် အချက်ကိုလည်း ဆွေးနွေးသွားရန် ရှိသည်ဟု ဆိုသည်။
ယင်းအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် အတူ အပစ်ရပ် လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ကြပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များကြား လိပ်ခဲတည်းလည်း ဖြစ်နေပြီး ရှေ့ဆက်ရန် ရပ်တန့်နေသည့် အချက်များကို အလွတ်သဘော ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။
NCA ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်း အမျိုးသား တပ်ဦး (CNF) တို့ အပါအဝင် မွန်ပြည်သစ် ပါတီ (NMSP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ (ALP) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA/PC) တို့ ပါဝင်ကြောင်း သိရသည်။