သတင်း

ဒေါက်တာ ညိုညိုသင်း တိုင်ကြားစာ ဥပဒေအတိုင်း ဆောင်ရွက်နေဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာပါ နိုင်ငံတော်၏ နစ်နာမှုများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်ရန် ပေးပို့ထားသည့် ဒေါက်တာ ညိုညိုသင်း၏ တိုင်ကြားစာအား ဥပဒေအတိုင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြောရေးဆိုခွင့်သူ ဦးကျော်စိုးက“အီးမေးလ်နဲ့ ပို့တာတော့ ရောက်ပါပြီ။ သောကြာနေ့ ညဘက်က ပို့တာ။ လောလောဆယ် မှတ်ပုံတင်ဌာနမှာ ဝင်စာ သွင်းထားတယ်။ ပြီးတော့မှ သုံးသပ်မယ့် ကော်မရှင် အဖွဲ့ဝင်တွေဆီ ပို့ပေးရမယ်။ ကော်မရှင်အဖွဲ့ဝင်တွေက သုံးသပ်ပြီးတော့မှ ကော်မရှင်အစည်းအဝေး တင်ပေး တာ”ဟု ဧရာဝတီကို ပြောသည်။

ယင်းတိုင်ကြားစာကို ရန်ကုန် စောင့်ကြည့်အရေး အဖွဲ့ တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက အောက်တိုဘာ ၁၂ ရက် က ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးကျော်စိုးက“သုံးသပ်တယ်ဆိုတာ ဒီတိုင်စာတွေကို ဖတ်တယ်။ ကျနော်တို့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးလို့ ရလား၊ မရလား သုံးသပ်ဆုံးဖြတ်ပြီးတော့မှ အစည်းအဝေး တင်ပေးတာ ကော်မရှင်အဖွဲ့ဝင်က။ လောလောဆယ်တော့ ရှေ့ဆက် ပြီးတော့မှ လုပ်မယ့် အနေအထားလေးတွေပဲ ပြောစရာ ရှိပါသေးတယ်။ ကျန်တာ ဘာမှ ပြောစရာ မရှိသေးပါဘူး”ဟု ဆို သည်။
ဒေါက်တာ ညိုညိုသင်း၏ တိုင်ကြားစာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင် ခံစာအရ နိုင်ငံတော်၏ ဆုံးရှုံးနစ်နာမှုများကို အချက် ၅ ချက်ဖြင့် ဖော်ပြထားပြီး ယင်းသို့ နစ်နာမှု ဖြစ်စေရခြင်းများသည် လုပ်ပိုင်ခွင့်ရှိသူများ၏ အဂတိ မကင်းသည့် ဥပဒေ ချိုးဖောက်မှုများကြောင့်ဟု ဆိုထားသည်။

အဂတိလိုက်စားမှု အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲတွင် မည်သူမဆို ပြည်သူ့ ဘဏ္ဍာငွေကို စီမံကိုင်တွယ် ဆောင်ရွက်ရာတွင် တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို ဖောက်ဖျက်၍ နိုင်ငံတော်၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ စေလျှင် အဂတိလိုက်စားမှု ဖြစ်ကြောင်း ပါရှိသည်ဟုလည်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

တိုင်ကြားစာနှင့် ပတ်သက်၍ ဒေါက်တာ ညိုညိုသင်းက“အေ(A) အဆင့်မှာတင် အောင်မြင်မှာပါ။ အန်တီကတော့ ယုံကြည် တယ်။ ကော်မရှင်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်တယ်။ ဥပဒေနဲ့အညီ တိုင်ကြားထားတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ (ကော်မရှင်) အရေးယူ ဆောင်ရွက်ပါလိမ့်မယ်”ဟု ဧရာဝတီကို ပြောသည်။

ကော်မရှင်ဥပဒေအရ ကျော်စောသတင်း ဆိုသည်မှာ အများပြည်သူအတွင်း ပျံ့နှံ့နေသော သတင်းတရပ်ရပ်တွင် လူ တဦးဦး သည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ကော်မရှင်က ယုံကြည်ရန် ပေါ်ပေါက်သော သတင်းဟု ဖော်ပြထားရာ စာရင်းစစ်ချုပ် အစီရင်ခံကိုယ်နှိုက်က ခိုင်လုံသည့် အထောက်အထားဖြစ်၍ တိုင်စာပါ ကိစ္စရပ်သည် ကျော်စောသတင်း အဖြစ် ထင်ရှားလှသည်ဟုလည်း ၎င်းက ဆိုသည်။

တိုင်ကြားစာပါ နိုင်ငံတော်၏ ဆုံးရှုံးနစ်နာမှုများတွင် လူပုဂ္ဂိုလ် တဦးတည်းကို ပေ ၄၀ x ၆၀ မြေကွက် ၂၁ ကွက်စာ အကျယ် အဝန်းကို သက်သာသည့် နှုန်းထားများဖြင့် ရောင်းချထားခြင်း၊ နာမည်ကျော် လုပ်ငန်းရှင်တချို့ကို စီမံကိန်း အကြောင်းပြပြီး မြေဧကထောင်ချီ ပေးအပ်ခဲ့ခြင်း၊ ယင်းမြေများအတွက် မြေဂရန်ဝန်ဆောင်ခများ သတ်မှတ်ရာ၌ ဂရန်သစ် ဝန်ဆောင်ခနှုန်းနှင့် မကောက်ခံသည့် အတွက် နိုင်ငံတော်ဝင်ငွေ အနည်းဆုံး ကျပ် ၄၁.၉၇ ဘီလီယံကျော် နစ်နာခဲ့ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံပါ ဖော်ပြချက်များကို ကိုးကား၍ ဖော်ပြထားသည်။

နောက်ထပ် ဆုံးရှုံးမှုအဖြစ် ရွှေတိဂုံဘုရား အနောက်ဘက်မုခ် မျက်နှာချင်းဆိုင်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီ တခုကို ကာလပေါက်ဈေးထက် များစွာ ဈေးလျှော့ပြီး ငှားရမ်းထားခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေ လစဉ် ၁ ဘီလီယံ နစ်နာ နေသည်ဟုလည်း တိုင်စာတွင် ပါရှိသည်။

ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ စီမံကိန်းတခုကြောင့် နိုင်ငံတော် နစ်နာငွေ ကျပ် ၉.၂ ဘီလီယံ၊ ဗဟန်းမြို့နယ်တွင် ငှားရမ်း ထားသည့် မြေ ၁၅ ဧကအတွက် နှစ်စဉ် ကျပ် ၃.၈ ဘီလီယံ၊ ကန်တော်ကြီး ကန်တော်မင်နှင့် မြိုင်ဟေဝန် ဥယျာဉ် များတွင် နိုင်ငံတော်ဆုံးရှုံးမှု နှစ်စဉ် ကျပ် ၂ ဘီလီယံ ရှိနေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာပါ ဖော်ပြချက်များကို ထည့်သွင်း တိုင်ကြားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading