မကွေးမြို့အခြေစိုက် လေတပ်စခန်းဌာနချုပ်မှ F-7 တိုက်လေယာဉ် ၂စီး ယနေ့နံနက်ပိုင်းက ပျက်ကျ ရခြင်းမှာ ရုတ် တရက် ရာသီဥတုဆိုးရွား၍ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
F-7 လေယာဉ် ၄စင်းမှာ ယနေ့နံနက် ၆နာရီ ၂၀ မိနစ်ခန့်က အုပ်စုဖွဲ့ ပျံသန်းလေ့ကျင့်နေခြင်းဖြစ်ပြီး၊ ပြန်လည်ဆင်း သက်ရန်ကြိုးပမ်းစဉ် ရာသီဥတုဆိုးဝါးမှုကို ရုတ်တရက်ကြုံတွေ့ရပြီး နှစ်စီးသာ လေယာဉ်ကွင်းသို့အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့၍ နှစ်စီးမှာ ပျက်ကျသွားခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးများဖြစ် သည့် ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင် မောင်တို့ သေဆုံး ခဲ့သည့်အပြင် မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက်၊ အေးသာယာလမ်းတွင်နေထိုင်သည့် ပဉ္စမတန်းကျောင်းသူ မသွယ်ဇင် ငြိမ်းမှာလည်း အပိုင်းအစထိမှန်ကာ သေဆုံးခဲ့ရ ကြောင်းလည်း ဖော်ပြထားသည်။
မင်းဘူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက “ ကလေးက စာမေးပွဲရှိတော့ စာထိုင်ဖတ်နေတုန်း အပိုင်းအစက နောက်ကျောကို လာမှန်တာ၊ ဆေးရုံးမှာ ဆေးကုသမှုခံယူရင် ဆုံးသွားတယ်၊ ကလေးမလေးက ၅ တန်းကျောင်းသူလေး” ဟု ဧရာဝတီသို့ပြောသည်။
သေဆုံးခဲ့သည့် ကျောင်းသူအနေဖြင့် စာမေးပွဲဖြေဆိုရန်အတွက် သူငယ်ချင်းဖြစ်သူ ၄ ဦးနှင့်အတူ တဝိုင်းတည်း ထိုင်ကာ စာဖတ်နေစဉ် အပိုင်းအစထိမှန်ခဲ့ခြင်းဖြစ်ပြီး အခြားသူများမှ ကြီးမားသည့် ထိခိုက်မှုမရှိခဲ့ကြောင်းလည်း အခင်းဖြစ်ရာသို့ သွားရောက်ကြည့်ရှူခဲ့သည့် ဦးဝင်းဝင်းကပြောသည်။
ပျက်ကျသည် F 7 လေယာဉ်တစီးမှာ မင်းဘူးမြို့အနီး ဆားဗွက်ချောင်းဘေးတွင် ပျက်ကျခဲ့ပြီး၊ နောက်တစီးမှာ မင်းဘူးမြို့နယ်၊ သနပ်ပင်စုကျေးရွာ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ လယ်ကွင်းထဲသို့ ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လေယာဉ်ပျက်ကျခဲ့သည့် နေရာပတ်ဝန်းကျင်အား တပ်မတော်နှင့် ဒေသတာဝန်ရှိသူများက ရှင်းလင်း မှုများပြု လုပ်လျှက်ရှိပြီး ဒေသများရိုက်ယူခဲ့သည့် မှတ်တမ်းများတွင် ကျည်များပြန့် ကျဲနေသည်ကို လည်း တွေ့ရသည်။
မင်းဘူးဒေသခံများ၏ အဆိုအရ လေယာဉ်တစီးမှာ မင်းဘူးမြို့ အသံလွှင့်တာဝါတိုင်ကြီး ဝင်တိုက်မိ ကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး တာဝါတိုင်းကျိုးပဲ့နေသည့် အခြေအနေကို တွေ့ရကြောင်း ကိုယ်တိုင်သွား ရောက်ကြည့်ရှူခဲ့သည့် ကိုဆန်းလင်းထွန်းက ပြောသည်။
လေယာဉ်ပျက်ကျသည့် နေရာသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို လာရောက်ကြည့်ရှု့ခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီ ၃ ရက်နေ့မနက်ပိုင်းကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်မှ F 7 တိုက်လေယာဉ် အား ဗိုလ်မှူးအာကာဝင်းမှ လေ့ကျင့်မောင်းနှင်စဉ် လေယာဉ်ကွင်းအလွန် ကျွန်းကုန်းကျေးရွာအနီးတွင် စက်ချို့ယွင်းကာ ပျက်ကျခဲ့ပြီး လေယာဉ်မောင်း ဗိုလ်မှူးအာကာဝင်းမှာ သေဆုံးခဲ့သည်။
F-7 တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ်ဖြစ်ပြီး ပြည်ပသို့ တင်ပို့သည့် အမျိုးအစားဖြစ်သည်၊ နေတိုးအခေါ် Fishcan ဖြစ်ပြီး၊ ဆိုဗီယက်လုပ် မစ်ကိုယန် ဂူရီဗစ်ချ် MiG 21၏ အမှတ် ၂ပုံစံဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လိုင်စင်ဖြင့် ဆက်လုပ်ထုတ်သည်၊ ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်သော်လည်း တရုတ်လေတပ်တွင် ကြားဖြတ်ဟန့် တားရေး လေယာဉ်အဖြစ် သုံးသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပုသိပ်လေတပ်စခန်းဌာနချုပ်မှ G 4 ဂျက်တိုက် လေယာဉ်တစင်မှာလည်း လေကျင့်ပျံသန်းစဉ် ရခိုင်ပြည်နယ်၊ ဂွမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာ လျှိုအတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက်နှင့် ဗိုလ်ကြီး သော်ဇင်စိုးတို့မှာလည်း သေဆုံးခဲ့ကြောင်း တပ်မတော်က အတည်ပြုထုတ်ပြန်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မင်းဘူးမြို့အနီး လေယာဉ်ပျက်ကျ၊ လေယာဉ်မောင်းသေဆုံး