Facebook အကောင့်များ ပိတ်ရာ၌ တိကျခိုင်မာသည့် အကြောင်းပြချက်များ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ပြည်တွင်း လူမှုကွန်ရက် မီဒီယာ စောင့်ကြည့် လေ့လာသူများက ပြောဆိုကြသည်။
ယခုလ ၁၅ ရက်က Facebook ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် မြန်မာတပ်မတော်၏ ဝါဒဖြန့်မှု အတွက် အသုံးပြုရန် တပ်နှင့် ဆက်နွယ်နေသည်ဟု ပုံစံမျိုး တွေ့ရသည့် ဖျော်ဖြေရေး၊ အလှအပရေးရာ၊ သတင်းအချက်အလက်ဆိုင်ရာများကို ဖော်ပြ သည့် စာမျက်နှာများ၊ အကောင့်များ အပါအဝင် စာမျက်နှာ ၁၃ ခုနှင့် အကောင့် ၁၀ ခုကို ဖယ်ရှားပစ်ကြောင်း ကြေညာ ထားသည်။
အကြမ်းဖက်မှုများ၊ အမုန်းစကားများနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် Freedom of Expressions အဖွဲ့ဝင် ဦးအောင်မျိုးမင်းက“Facebookက သူတို့ရဲ့လုပ်ပိုင်ခွင့် အရ ပိတ်တယ်။ ပိတ်တဲ့ အကြောင်းအရာ ကလည်း သူတို့ရဲ့ စည်းကမ်းတွေကို ထိခိုက်တယ် ဆိုပြီး အကြောင်းပြပြီးတော့ လုပ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် တဖက်က အမုန်းတရားတွေကို ချေဖျက်ဖို့ အတွက် တားဆီးတာ ဆိုတော့ လုပ်ဆောင်ချက် ကောင်းတယ်။ တဖက်မှာ လည်း တိကျ ခိုင်လုံသော အကြောင်းပြချက် ဒါတွေကို ရှင်းရှင်းလင်းလင်း မဖော်ပြဘူး။ ပိတ်လိုက်တယ်။ ယေဘုယျဆန် တဲ့ အကြောင်းပြချက်တွေက တခါတလေ ကျရင် မလိုလားအပ်ဘဲ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်မှာကို လည်း စိုးရိမ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “အဲဒီတော့ အမုန်းတရားတွေ ဟန့်တား နိုင်ဖို့ အတွက် လုပ်ဆောင်ပါ။ ဒါပေမယ့် အဲဒီလို လုပ်ဆောင် မှုက တဦးတယောက်ချင်းရဲ့ လွတ်လပ်စွာ အမြင် ကွဲလွဲမှု၊ ငြိမ်းချမ်းစွာ ဝေဖန်မှုကို ထိခိုက်သော လုပ်ဆောင်မှု မဖြစ်သင့် ဘူး။ အဲဒီလိုမျိုး မဖြစ်ဖို့ အတွက် ဘာကြောင့်၊ ဘယ်အချက်ကြောင့်၊ ဘယ်လိုမျိုး အရေးအသားကြောင့် ဖြစ်တယ် ဆိုတဲ့ ရှင်းလင်း ပြောဆိုချက်တွေကို ထုတ်ပြန်ပေးပါလို့ တိုက်တွန်း လိုပါတယ်”ဟုလည်း ပြောဆိုသည်။
အောက်တိုဘာလ ၁၄ ရက်၌ ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့တွင် ကျင်းပသည့် “နိုင်ငံတော်နှင့် တပ်မတော် အပေါ် ဖိအား ပေး ဝင်ရောက် စွတ်ဖက်နေသော ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများအား ဆန့်ကျင် ရှုတ်ချပွဲ” ကို တက်ရောက်ခဲ့သည့် ဦးဝီရသူ၏ ဓာတ်ပုံနှင့် စာသားများရေးသား ဖော်ပြသည့် စာမျက်နှာများနှင့် အကောင့်များ အပိတ်ခံခဲ့ရကြောင်း သိရသည်။
အကောင့် အပိတ်ခံရသူ တဦးဖြစ်သည့် ဓာတ်ပုံ သတင်း အေဂျင်စီ တခုမှ ကိုဂျေပိုင်က“ကျနော့် အကောင့်မှာ ဦးဝီရသူနဲ့ ပတ်သက်တဲ့ ပုံကို ရှယ်တာတွေလည်း အရမ်းများတယ်။ နောက် ပို့စ်အောက်မှာ ဆဲဆိုတာတွေလည်း များနေတော့။ ဒီပုံ ကလည်း သူတို့ ဘန်းထားတဲ့ပုံ၊ မှတ်ချက်တွေ မှာလည်း ဆဲဆိုတာတွေပါတော့ ပေ့ချ်ကို အမုန်းစကား (Hate speech) တွေ ပြန့်မှာစိုးတော့ ခဏ ပိတ်လိုက်တဲ့ သဘောပါ”ဟု ပြောသည်။
Facebook အကောင့်များ အပိတ်ခံရခြင်းက လူမှုကွန်ရက် စံနှုန်း (Community standards) ဖြင့် ငြိခြင်းကြောင့် ဖြစ်ပြီး အကြမ်းဖက်မှု၊ အမုန်းစကားများကို ပြောဆို ရေးသားပါက တင်သည့် စာမျက်နှာနှင့် အကောင့်များကို ပိတ်လေ့ ရှိကြောင်း သိရသည်။
“အမှန်တော့ သူတို့က ကွန်ပျူတာ ဆော့ဖ်ဝဲဆိုတော့ လူလို မဟုတ်ဘူး။ ဒါက ပိတ်သင့်လား။ မပိတ်သင့်လား ဆိုတာ မခွဲ တော့ဘူး။ သူတို့က ဒီပုံတွေ၊ ဒီစကားလုံးတွေ ပါရင် Auto ပိတ်လိုက်တယ်”ဟု ကိုဂျေပိုင်က ဆိုသည်။
ဦးဝီရသူ ဓာတ်ပုံကို တင်ခဲ့သည့် Speaker ဂျာနယ် စာမျက်နှာနှင့် ကျန်သည့် သတင်းဓာတ်ပုံ သမားတချို့လည်း ဦးဝီရသူ ပုံများ ဖြုတ်ချခံရခြင်း၊ စာမျက်နှာပေါ်သို့ တင်၍မရခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ Facebook စာမျက်နှာတွင် ရေးသားထားချက်အား သေချာ စစ်ဆေးခြင်းမပြုဘဲ သတ်မှတ် အကြောင်းအရာများ တင်သမျှကို ဖြုတ်ချပစ်ခြင်းက ကန့်သတ်မှု လုပ်သကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဧရာဝတီကို ပြောသည်။
ဦးမြင့်ကျော်က “မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ သူတို့ စောင့်ကြည့်တဲ့ အကြောင်းအရာတွေက တခြား နိုင်ငံတွေနဲ့ မတူ ဘူးထင်တယ်။ အထူးသဖြင့်တော့ ဘာသာရေး အစွန်းရောက်တဲ့ ကိစ္စတွေ။ ဥပမာ ဦးဝီရသူတို့လို၊ မဘသတို့လို၊ ရိုဟင်ဂျာ နဲ့ ပတ်သက်တဲ့ ကိစ္စတွေလိုပေါ့။ ဒါပေမယ့် ပြောချင်တာက တခါတလေမှာ အကြောင်းအရာက ဘာတင်တယ် ဆိုတာ သေသေချာချာ မစိစစ်ဘဲနဲ့ အကုန်လုံးကို ဖြုတ်ချတယ် ဆိုတာမျိုးကတော့ Facebook ပလက်ဖောင်းက ကန့်သတ်မှု လုပ် သလို ဖြစ်နေတယ်။ တကယ်တမ်းတော့ ဘယ်နေရာမှာ မညီလို့ ဖြုတ်တာမျိုး ဖြစ်သင့်တယ်”ဟု ထောက်ပြ ပြောဆိုသည်။
ထို့အပြင် Comment များတွင် ဆဲဆိုရေးသားမှုများနှင့် ပတ်သက်ပြီး ပို့စ် တင်သူတွင် တာဝန်ရှိကြောင်း၊ ဆဲဆိုမှုများကို ဖြုတ်ချပစ်ရန် တင်သည့်သူတွင် ဝတ္တရားရှိကြောင်းနှင့် တချို့သော နိုင်ငံများတွင် ပို့စ်တင်သူက အဆိုပါ ကိစ္စရပ်များအား တာဝန်ယူရလေ့ ရှိကြောင်းလည်း ဦးမြင့်ကျော်က ပြောဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံး အပတ်ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ စာမျက်နှာ အပါအဝင် Senior General Min Aung Hlaing , မြဝတီ၊ MM Daily Star စသည့် အကောင့်များကို Facebook ၏ Community Standards နှင့် မကိုက်ညီသောကြောင့် Facebook က ဖျက်သိမ်းခဲ့သည်။
ထို့ပြင် သုံးစွဲသူများ၏ ယုံကြည်စွာ ပေါင်းကူး ဆက်ဆံမှုကို လိုလားပြီး လူမှုကွန်ရက် မီဒီယာကို မလျော်မကန် အသုံးပြု နေမှု များကို တားဆီး ဟန့်တားရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း Facebook က ထုတ်ပြန် ကြေညာ ခဲ့သည်။