နှစ်သစ်ကူးပွဲ ညတွင် လူတစု၏ ထိုးကြိတ် ကန်ကျောက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ သေဆုံးခဲ့သည့် အောင်ရဲထွေး၏ မျက်နှာတွင် ဖိနပ်နှင့် ကန်ထားသည့် အရာများ၊ ဖူးရောင်ညိုမည်း ဒဏ်ရာများ တွေ့ရသည်ဟု ဖခင် ဖြစ်သူ ဦးမြင့်ဦး က ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးတွင် ပြန်လည်စစ်ဆေးမှုများ စတင်နေပြီဖြစ်ရာ အောက်တိုဘာ ၁၆ ရက် ရုံးချိန်း တရားခွင်အတွင်း ဥပဒေ အရာရှိ၏ မေးမြန်း မှုကို အထက်ပါအတိုင်း ထွက်ဆိုခြင်း ဖြစ်သည်။
ဥပဒေအရာရှိက“ရဲမှ စစ်ဆေးစဉ် သားဖြစ်သူမျက်နှာတွင် ဖိနပ်နှင့် ကန်ထားသည့် ဖိနပ်ရာများနှင့် ဖူးရောင်ညိုမည်း ဒဏ်ရာများ တွေ့ရပါသည်။ ဦးခေါင်းဝဲဘက်ခြမ်းတွင် ဖူးရောင်ဒဏ်ရာများ တွေ့ရသည်ဟု ထွက်ဆိုထားရာ ရဲထံတွင် ယင်းကဲ့သို့ ထွက်ဆို ထားပါသလား”ဟု မေးမြန်းရာ “ထွက်ဆိုထားပါသည်”ဟု ဦးမြင့်ဦးက ပြန်လည် ဖြေဆိုခဲ့သည်။
ဦးမြင့်ဦး၏ တရားခွင်အတွင်း ထွက်ဆိုချက်တွင် အောင်ရဲထွေး၏ မျက်နှာနှင့် ရင်ဘတ်တွင် ရရှိသော ဒဏ်ရာများမှာ ညိုမည်း နေကြောင်းသာ တွေ့ရသည်ဟု ပြောဆိုရာ ရဲထံ ထွက်ချက်နှင့် ကွဲလွဲနေသည့်အတွက် ဥပဒေအရာရှိက ယင်း ကဲ့သို့ မေးမြန်းခြင်း ဖြစ်သည်။
ဥပဒေအရာရှိက“ဒဏ်ရာများနှင့် ပတ်သက်၍ ရုံးရှေ့ထွက်ဆိုချက်နှင့် ရဲထံထွက်ဆိုချက် မည်သည့်ထွက်ဆိုချက်က အမှန်ဖြစ်သလဲ”ဟု ထပ်မံမေးမြန်းရာ “ရဲထံ ထွက်ဆိုချက် အမှန်ဖြစ်ပါသည်”ဟု ဦးမြင့်ဦးက ဖြေကြားသည်။
ဆက်လက်၍ ဥပဒေအရာရှိက“ရုံးရှေ့ထွက်ဆိုချက်နှင့် ရဲထံထွက်ဆိုချက် မည်သည့် အတွက်ကြောင့် ကွဲလွဲထွက်ဆို သလဲ” ဟု မေးမြန်းရာ “ညိုမည်းဒဏ်ရာတွင် ဖိနပ်ရာများ တွေ့ရသော်လည်း ထွက်ဆိုရာ၌ ညိုမည်း ဒဏ်ရာဟုသာ ထွက်ဆိုပြီး အတူတူပဲထင်၍ ယင်းကဲ့သို့ ကွဲလွဲသွားခြင်း ဖြစ်ပါတယ်”ဟု ဦးမြင့်ဦးက ပြန်လည် ပြောဆိုသည်။
အောင်ရဲထွေးအမှုတွင် ယခင် တရားလိုပြ သက်သေ ၂၂ ဦး တင်သွင်း ထားသည့်အနက် ၁၄ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ် သော်လည်း ယခုအခါ တရားလိုပြ သက်သေများ အားလုံးကိုအစမှ ပြန်လည် စစ်ဆေးနေခြင်းဖြစ်ရာ ယနေ့ ရုံးချိန်းတွင် တရားလို ကိုသန့်ဇင်ဦး (အောင်ရဲထွေးအစ်ကို) အပါအဝင် တရားလိုပြ သက်သေ အောင်ရဲထွေး၏ ဖခင် ဦးမြင့်ဦးနှင့် မိခင် ဒေါ်သန်းသန်းထွေး တို့ကို စစ်ဆေးခဲ့သည်။
သံသယတရားခံများ ဖြစ်သော သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့၏ အကျိုးဆောင်ရှေ့နေများကလည်း တရားလိုပြသက်သေများကို ပြန်လှန်မေးမြန်းမှုများ ပြုလုပ်သည်။
ယင်းသို့ စစ်မေးရာတွင် အောင်ရဲထွေး ဒဏ်ရာရရှိပြီး သေဆုံးခြင်းနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကြောင့် ဒဏ်ရာရရှိ သေဆုံးခြင်းဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ သိရှိခဲ့ခြင်းမရှိ၊ မည်သည့်ဒဏ်ရာကို မည်သူပြုလုပ်၍ သေဆုံးခြင်းဖြစ် ကြောင်း မသိနိုင် ဟူသည့် အချက်များဖြင့် တရားလိုပြ သက်သေများကို မေးမြန်းခဲ့သည်။
လာမည့်အပတ် ရုံးချိန်းကို အောက်တိုဘာ ၃၀ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး သေဆုံးသူ အောင်ရဲထွေး ၏ ရည်းစား ဖြစ်သူ မပွင့်ကေခိုင် အပါအဝင် သက်သေ ၃ ဦးကို ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်သော နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက် နှင့် အာရုံကြောဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။