ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ပြန်ပေးရမည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅ ဒသမ ၂ ဘီလီယံကျော် (ကျပ်သိန်းပေါင်း ၅၂၀၀၀) အား ရက်ပေါင်း ၆၀ အတွင်း ပြန်ပေးရန်နှင့် မပေးပါက ဥပဒေအရ အရေး ယူသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
ဦးသိန်းအောင် ဦးဆောင်သည့် ယခင် တိုင်းအစိုးရဟောင်းက ယင်း ဖောင်ဒေးရှင်းထံ လွှဲပြောင်းလှူဒါန်းခဲ့သည့် ငွေ ကျပ် ၅ ဒသမ ၂ ဘီလီယံ အနက် ဘဏ်တွင် အပ်နှံထားသည့် ငွေများအပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုး တူ လုပ်ကိုင်နေသည့်ငွေများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပြင်ပသို့ ခေတ္တ ထုတ်ချေးထားသည့် ငွေများကို ပြန် ပေးရန် အကြောင်းကြားစာ ပေးပို့ထားကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းက“လာမယ့် ၁၉ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောထားတယ်။ ဘဏ်က ငွေတွေ ချက်ချင်းပေးဖို့၊ ကုမ္ပဏီနဲ့အကျိုးတူ လုပ်ထားတဲ့ငွေတွေကို ရက် ပေါင်း ၃၀၊ ဒေသဖွံ့ဖြိုးရေး အတွက် ဖလှယ်ထားတဲ့ ငွေကို ရက်ပေါင်း ၆၀ အတွင်းပေးဖို့ ပြန်တောင်းထားတယ်။ တကယ်လို့ ပျက်ကွက်လို့ ရှိရင်တော့ ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ပဲ ရှိပါတယ်”ဟု အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးချက်များအရ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ တိုင်းအစိုးရဟောင်းက ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းထံ လွဲှပြောင်း လှူဒါန်းခဲ့သည့်ငွေမှာ ကျပ် သန်း ပေါင်း ၅၂၃၆ ဒသမ ၈၈၉ သန်း ရှိကြောင်း သိရသည်။
ယင်းငွေများအနက် ကျပ်သန်းပေါင်း ၃၈၄၃ ဒသမ ၃၄၉ ကျပ်ကို ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံထားကြောင်း၊ ကုမ္ပဏီ ၃ ခုနှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်ထားသည့် ငွေကျပ် သန်း ၄၀၀ ရှိကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း၂၈ ခုအတွက် ကျပ် သန်းပေါင်း ၉၉၃ ဒသမ ၅၄၀ ကျပ် ခေတ္တ ချေးပေးထားကြောင်း စစ်ဆေးတွေ့ရှိထားသည်ဟု ဆိုသည်။
တိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေး ရန်ပုံငွေအား လက်ရှိအစိုးရသို့ လွှဲပြောင်းပေးခြင်း ရှိ၊ မရှိကို ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး၌ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဇေယျာမင်းသိန်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ရာမှ စတင် ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်တွင်း ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် (ဟောင်း) မန်းဂျော်နီ ခေါင်းဆောင် သည့် တိုင်းအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ဖောင်ဒေးရှင်းအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
ယင်းနောက် တိုင်းအစိုးရ တင်ပြချက်အရ အဆိုပါ ရန်ပုံငွေကိစ္စအား သမ္မတရုံးမှ တိုက်ရိုက် ကိုင်တွယ်ကာ ပြည်ထောင် စု စာရင်းစစ်ချုပ်ရုံးအား စစ်ဆေးရန်အတွက် တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
စာရင်းစစ်ချုပ်ရုံးမှ ဖောင်ဒေးရှင်းအား စစ်ဆေးပြီးနောက် အဆိုပါ ဖွံ့ဖြိုးရေး ရန်ပုံငွေများမှာ နိုင်ငံတော်ငွေများ ဖြစ်နေ သည့် အတွက် ပြန်လည် တောင်းခံသင့်ကြောင်း သမ္မတရုံးထံ အစီရင်ခံစာ တင်ပြခဲ့သည်။
သမ္မတရုံးက ယင်းတင်ပြချက်အရ ဖောင်ဒေးရှင်းထံမှ ရန်ပုံငွေများကို ပြန်လည် တောင်းခံရန်အတွက် တိုင်းအစိုးရထံ ညွှန်ကြားခဲ့သည့်အတွက် ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဘဏ်အပ်ငွေများ၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ချေးထားငွေများနှင့် ကုမ္ပဏီများနှင့် အကျိုးတူ လုပ်ကိုင်ထားသည့် ရရန်ရှိ အကြွေး စာရင်းများကို တိုင်းအစိုးရထံ လွှဲပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
လက်ရှိ ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့က ဖောင်ဒေးရှင်းက လွှဲပြောင်းရယူထားသည့် ကျပ် သန်းပေါင်း ၅ ဒသမ ၂ ဘီလီယံကျော်ကို ငွေသားအဖြစ်သာ ရလိုသည့်အတွက် ဖောင်ဒေးရှင်းနှင့် တိုင်းအစိုးရ ကြား ငွေလက်ခံရေး ကြန့်ကြာနေခြင်း ဖြစ်သည်ဟု သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက“ကျနော်တို့က ငွေသားချည်းပဲ ပြန်လက်ခံပါမယ်။ သူတို့ လုပ်ထားတဲ့ ကိစ္စ ဆိုတော့ ကျနော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြန်တောင်းရတာ ခက်ပါတယ်။ ဒါကြောင့် ၅ ဒသမ ၂ ဘီလီယံ ကို ငွေသားချည်းပဲ လက်ခံသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ယခင် ဦးသိန်းအောင် ဦးဆောင်သည့် တိုင်းအစိုးရဟောင်းက ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင် ဒေး ရှင်းသို့ လွှဲပြောင်းလှူဒါန်းထားသည့် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံအနက် ၃ ဒသမ ၈ ဘီလီယံမှာ ငွေသား အဖြစ် ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံထားပြီး ကုမ္ပဏီ ၃ ခုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခုအတွက် ချေးထားသော ငွေမှာ ၁ ဒသမ ၄ ဘီလီယံကျပ် နီးပါးရှိကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသို့ ငွေချေးထားသည့် စာချုပ်စာတမ်းများ၊ ကုမ္ပဏီများသို့ အကျိုးတူ လုပ်ကိုင်ထားသည့် စာချုပ်စာတမ်းများ အပြည့်အစုံရှိပြီး လူသက်သေများလည်း ခေါ်ပေးနိုင်ကြောင်း၊ တိုင်းအစိုးရဘက်ကမူ ဖောင်ဒေးရှင်း နှင့်အတူ ငွေချေးထားသူများအား ခေါ်ယူတွေ့ဆုံ၍ ချေးငွေ ပြန်ဆပ်ရန် ညှိနှိုင်းပြောဆိုပါက အဆင်ပြေနိုင်ဖွယ်ရှိ ကြောင်း ဖောင်ဒေးရှင်းဘက်မှ တုံ့ပြန်ထားသည်။
ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကြည်အောင်က“ကျနော်တို့ကို လွဲှပြောင်းပေးကတည်းက ငွေသားရယ် ရရန်ငွေရယ်ဆိုပြီး ၂ မျိုး လွဲှခဲ့တာ။ အကုန်လုံး ပေါင်းမှ ၅ ဒသမ ၂ ဘီလီယံရှိ တာ။ အဲဒီတော့ ကျနော်တို့ကလည်း တိုင်းဒေသကြီးအစိုးရကို ပြန်လွဲှပေးဖို့ရာမှာလည်း ငွေသားနဲ့ ရရန်ဆိုတာကိုပဲ လွဲှ ပေးလို့ ရမှာပေါ့။ ကျနော်တို့ လက်ထဲမှာ ဒီငွေတွေကို သုံးလိုက်တာမှ မရှိတာ။ ဖောင်ဒေးရှင်းရယ်၊ ငွေပေးဖို့ရှိတဲ့သူတွေ ရယ်၊ တိုင်းဒေသကြီး အစိုးရရယ် ၃ ဦးဆုံပြီး ရှင်းလိုက်မယ်ဆိုရင် တခါတည်း ပြီးပြတ်သွားနိုင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် ယခင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အစိုးရ လက်ထက်တွင် ဧရာဝတီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို တည်ထောင်ကာ လုပ်ငန်းရှင်များအား ရန်ပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတ ဖျော်ဖြေပွဲများ ပြုလုပ်၍ ရန်ပုံငွေ ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ ရှုံးနိမ့်ပြီးနောက် ဦးသိန်းအောင်၏ တိုင်းအစိုးရအဖွဲ့ ဆင်းပေး ရခါနီးတွင် ဖောင်ဒေးရှင်းကို ဖျက်သိမ်းကာ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အမည်ဖြင့် ဖောင်ဒေး ရှင်း အသစ်ဖွဲ့ကာ ရန်ပုံငွေများကို ဖောင်ဒေးရှင်းအသစ်ထံ လွှဲပြောင်း လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဖောင်ဒေးရှင်းကို ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်အပါအဝင် အစိုးရဝန်ကြီးဟောင်းများက နာယကများ အဖြစ် ပါဝင်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်အစိုးရလက်ထက်က လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဧရာဝတီတိုင်း ပညာ ရေးမှူးဟောင်း ဦးကြည်အောင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။