ပုဂံဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ခွင့်ရရန် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ထိန်း သိမ်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေကို လာမည့်နှစ် ဇန်နဝါရီလအတွင်း ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေကြောင်း သိရ သည်။
အဆိုပါ ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ဦးမြတ်သူက“ပုဂံကို လာစစ်တဲ့ပုဂ္ဂိုလ်က လာမယ့် ဇန်နဝါရီ မှာ ဒီဥပဒေကို အတည်ပြုနိုင်လား မေးတယ်။ အခု ဥပဒေက မူကြမ်းပြီးလို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနကို ပို့ပြီးသွားပြီ။ ဒါကို စိစစ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြနိုင်မယ်ဆိုရင် အချိန်မီ ပြီးနိုင်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဦးမြတ်သူသည် မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးလည်း ဖြစ်သည်။
မန္တလေးတိုင်း ပုဂံဒေသအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင် ဒေသ အဖြစ် သတ်မှတ်ခွင့် ရရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ လလယ်ပိုင်းက ပုဂံဒေသသို့ သီးခြား လွတ်လပ် သော ပညာရှင် အဖွဲ့အစည်းတခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အမွေအနှစ်၊ အဆောက်အအုံများနှင့် ဒေသများ ထိန်းသိမ်း ရေး ဆိုင်ရာ ကော်မတီ (International Council on Monuments and Sites) က ကွင်းဆင်း လေ့လာခဲ့သေးသည်။
UNESCO သို့ မြန်မာအစိုးရက တင်ပြထားသည့် အချက်အလက်များနှင့် မြေပြင် အခြေအနေတို့ ကိုက်ညီမှု ရှိ မရှိကို အဆိုပါ ကော်မတီမှ သြစတြေးလျ နိုင်ငံသား ပညာရှင်က ကွင်းဆင်း လေ့လာခြင်း၊ ပုဂံ ဒေသခံများနှင့် တွေ့ဆုံ မေးမြန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကော်မတီနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနတို့နှင့်လည်း တွေ့ဆုံခဲ့ကာ လက်ရှိ ရေးဆွဲနေသည့် ယဉ်ကျေးမှု အမွေ အနှစ် ဒေသများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဥပဒေကို လာမည့် ဇန်နဝါရီလတွင် အတည်ပြုနိုင်ခြင်း ရှိ မရှိ ကို အဓိက မေးမြန်းခဲ့ကြောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က အချိန်မီ ပြီးစီးရန် ကတိပြုခဲ့ကြောင်း တွေ့ဆုံပွဲသို့ ကိုယ်တိုင် တက်ရောက်သူ ဝန်ကြီး ဦးမြတ်သူက ရှင်းပြသည်။