သတင်း

ရခိုင်တွင် ကမ်းနီး ငါးဖမ်းလုပ်ကွက် အသိအမှတ်ပြု လက်မှတ် စတင် ထုတ်ပေး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် သံတွဲ ခရိုင် ဂွမြို့နယ် အတွင်းရှိ ကျေးရွာ တချို့အတွက် ကမ်းနီး ရေလုပ်ငန်း ပူးပေါင်း စီမံခန့်ခွဲမှု လုပ်ကွက် များ သတ်မှတ်ပေးထားမှုကို အစိုးရက အသိအမှတ်ပြု လက်မှတ်များ စတင် ထုတ်ပေးသည်။

အဆိုပါ အသိမှတ်ပြု လက်မှတ် ပေးအပ်ပွဲကို ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီ ခန်းမတွင် အောက်တိုဘာလ ၁၂ ရက် တွင် ပြုလုပ်ခြင်း ဖြစ်သည်။

ယင်းပူးပေါင်း စီမံခန့်ခွဲမှု ဧရိယာတွင် ကျေးရွာပေါင်း ၁၀ ရွာ ပါဝင်ပြီး ကျေးရွာမှ ပင်လယ်ပြင်သို့ ရေမိုင် ၁၀ မိုင် အထိ ကမ်း နီး ရေလုပ်သားများ ငါးဖမ်းခွင့် ရှိသည့်နေရာ အဖြစ် သတ်မှတ် ပေးထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဂွမြို့နယ် ကျိန္တလီဒေသ ကမ်းနီး ရေလုပ်ငန်း ပူးပေါင်း စီမံခန့်ခွဲမှု ဧရိယာတွင် ကြွေချိုင်၊ ကူးတို့လေး၊ ကံပေါက်၊ ပလင်မော်၊ ရမာကျွန်း ကျေးရွာ၊ ကျိန္တလီ (၁) ရပ်ကွက်၊ ကျိန္တလီ (၂) ရပ်ကွက်၊ ချင်းကွင်း၊ ညောင်ပင်သာနှင့် ပုန်းညက် အစရှိသည့် ကျေး ရွာတို့ ပါဝင်သည်။

ယင်းသို့ ဧရိယာ သတ်မှတ်ရခြင်းသည် ဒေသခံ ရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရေရှည် ဆောင် ရွက်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တရားမဝင် ငါးဖမ်းဆီး မှုများနှင့် ပဋိပက္ခများ လျော့ကျ လာစေရန် ရည် ရွယ်ခြင်း ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောပြသည်။

ဦးမြင့်ဇင်ထူးက“ဒေသခံတွေ ကိုယ်တိုင် ဒါကို နားလည်ပြီးတော့မှ ဘယ်အချိန်တော့ဖြင့် ဖမ်းမယ် ဘယ်အချိန်တော့ဖြင့် လွှတ်ထားမယ်။ ဘယ်လဆိုရင်ဖြင့် ငါးမဖမ်းရ ဧရိယာ အဖြစ် အားလုံးက သဘောတူညီပြီး သတ်မှတ်မယ် ဆိုရင် ငါးတိုးပွားမှု ငါးသယံဇာတ ရေရှည် တည်တံ့မှုတွေကို အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“ဖမ်းလို့ရသမျှ အကုန်ဖမ်းမယ် ဘာမှမချန်ဘူး ဆိုရင် နောင်ရေရှည်မှာ ဘယ်လိုပဲ ငါးက ပြန်ပေါက် ဖွားနိုင်တယ် ဆိုပေမယ့် ပေါက်ဖွားဖို့ အရွယ်ကို မရောက်ဘူး။ ဖမ်းဆီးသွားမယ် ဆိုရင် နောက်ပိုင်းမှာ ငါးမျိုးစိတ်တွေ ပျောက်သွားမယ့် အနေအထားမျိုး ဖြစ်သွားနိုင်တယ်”ဟုလည်း ပြောဆိုသည်။

ထိုကဲ့သို့ သတ်မှတ်ထားသည့် ကျေးရွာ ဧရိယာများတွင် နေရာသတ်မှတ်ပြီး ငါးထိန်းသိမ်းရေး ဇုန်များ ပြုလုပ်ခြင်း၊ ရာသီ အလိုက် ငါးမဖမ်းရဇုန် သတ်မှတ်ခြင်း၊ ငါးဖမ်းကိရိယာ ကန့်သတ်ဇုန် သတ်မှတ်ခြင်းနှင့် ပင်လယ်လိပ် ထိန်းသိမ်းရေး ဧရိယာ သတ်မှတ်ခြင်းများကို ပြုလုပ်ထားသည်။

အဆိုပါ ဧရိယာ သတ်မှတ်ခြင်းကို ငါးလုပ်ငန်း ဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့-WCS (မြန်မာနိုင်ငံ အစီအစဉ်)နှင့် ရခိုင်ကမ်းရိုးတန်း ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ (RCA) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဗြိတိန်နိုင်ငံ အစိုးရ၏ Darwin Initiative က ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ငါးအလွန်အကျွံ ဖမ်းခြင်း၊ စနစ်မကျသည့် ငါးဖမ်းနည်းများနှင့် တရားမဝင် ငါးဖမ်းမှုများကြောင့် ငါးသယံဇာတ ကျဆင်း လာပြီး အဆိုပါ နည်းလမ်းများကို နှစ်ပေါင်းများစွာ ကြာသည့် တိုင်အောင် ထိန်းချုပ်နိုင်သည့် အနေအထား မရှိကြောင်း WCS မှ ဦးကျော်သင်းလတ် က ဆိုသည်။

“ငါးတွေရဲ့ ဇီဝဖြစ်စဉ်တွေကို ပျက်စီးစေတဲ့ ငါးဖမ်းနည်းစနစ်တွေကို ကျင့်သုံးနေတာတွေ အများကြီး ရှိတယ်။ ဥပမာ ငါးမိုင်း ခွဲတာတွေ နောက် မြူဆွယ်ပြီးတော့ ငါးဖမ်းနည်းပေါ့။ မီးထွန်းပြီးတော့ ဖမ်းတာတွေ ဒါတွေက ဥပဒေ အရ တား မြစ်ထား တာတွေ။ ဒါပေမယ့် ဒါတွေကို မထိန်းချုပ်နိုင်ဘူး။ ဒါတွေက နှစ်ပေါင်းများစွာ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ဦးကျော်သင်းလတ်က “နောက်တခုက ဆိုးတာက ကမ်းခြေကနေ ဧရိယာ ၁၀ မိုင်က တကယ့်ကို ငါးသယံ ဇာတတွေ ပေါက်ဖွားရာ နေရာဖြစ်တယ်။ တကယ့်ကို အထိခိုက်မခံတဲ့ နေရာ ဖြစ်တယ်။ အဲဒီနေရာမှာ အသုံးပြုနေတဲ့ ကမ်းနီး ရေလုပ်သားငယ်တွေ ရှိတယ်။ ဒီပေါ်မှာ မှီခိုနေရတဲ့ လူတွေ ရှိတယ်။ အဲဒီအချိန်မှာ ကမ်းဝေး ငါးဖမ်းသမား သင်္ဘော အကြီးတွေက ဝင်ပြီးတော့ ဖမ်းလိုက်ရင် တော်တော့်ကို ပျက်စီးမှု ဖြစ်တာပေါ့။ အဲဒါက နှစ်ပေါင်းများစွာ ဖြစ်လာ တဲ့ အခါမှာ အကျိုးဆက်က ဘာဖြစ်လဲ ဆိုတော့ ငါးသယံဇာတတွေ ကျလာတယ်”ဟုလည်း ပြောဆိုသည်။

ကျေးရွာ အလိုက် ငါးဖမ်း လုပ်ကွက်များ ရှိမည့် ကျိန္တလီ ဒေသ ကမ်းနီး ငါးလုပ်ငန်း ပူးပေါင်း စီမံခန့်ခွဲမှု ဧရိယာကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်တွင် တရားဝင် သတ်မှတ် ပေးခဲ့ခြင်း ဖြစ်သည်။

ကျိန္တလီမြို့ ချင်းကွင်း ကျေးရွာမှ ဦးခင်အေးက“ဟန့်တားချင်တဲ့ ပစ္စည်း ကိရိယာ၊ သင်္ဘောတို့ အဲဒါတွေ ဟန့်တားမှု မရတဲ့ အခါ ဦးလေးတို့ အနေနဲ့က ငါးဖမ်းရတာ ပိုဆိုးလာတယ်။ အဲဒါတွေကို ဟန့်တားမှုရှိမှ ဦးလေးတို့ အနေနဲ့က စားဝတ်နေရေး ချောင်လည်မယ်။ ငါးသယံဇာတဆိုလည်း ပေါလာမယ်။ အဲဒါတွေ မဟန့်တားဘဲနဲ့ ဦးလေးတို့ နေရာမှာ မပြေလည်နိုင်ဘူး” ဟု ပြောသည်။

အဆိုပါကျေးရွာ ၁၀ ရွာတွင် ရေလုပ်ငန်းလုပ်ကိုင်သူ မိသားစု ၁၃၈၇ စု ရှိပြီး ယင်းဒေသရှိ စုစုပေါင်း လူဦးရေ၏ ၃၀ ရာခိုင် နှုန်းကျော်သည် ကမ်းနီး ရေလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း အဖြစ် မှီတည် နေရကြောင်း WCS ၏ အချက် အလက် များ အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading