ပြည်ထောင်စုမှ ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် ထားရှိရေးအတွက် အပစ်မရပ်ထားသည့် အဖွဲ့များ၏ သဘောထားများ ရယူသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်များက မီဒီယာများကို ပြောသည်။
“နိုဝင်ဘာလ မကုန်ခင်မှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့နဲ့ လက်မှတ်ရေးထိုးပြီးသား ၁၀ ဖွဲ့ တွေ့ဆုံပြီးလို့ရှိရင် ကျနော် တို့ အဲဒီမှာ တိကျတဲ့ အဖြေပေးနိုင်ဖို့အတွက် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF ) နာယက ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြော သည်။
အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက် (နှစ်ရက်ကြာ) နေပြည်တော် ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တက် ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် ထားရှိရေး ကိစ္စနှစ်ရပ်မှာ အရေး ကြီးသည့်အတွက် အချိန်ယူရန် လိုအပ်ကြောင်းနှင့် NCAကို လက်မှတ်ထိုး မထားသည့် အဖွဲ့များ၏ သဘောထားကိုလည်း ရယူသင့်ကြောင့် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ခေါင်းဆောင်များက တင်ပြခဲ့သည်ဟု သိရသည်။
NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုး သားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်ကြသည်။
NCAကို လက်မှတ်ထိုးမထားသည့် အဖွဲ့များတွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရက္ခိုင့် တပ်မတော် (AA)၊ တအာန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်ပြီး၊ UWSA၊ NDAA၊ SSPP တို့သည် Bilateral (ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ) လက်မှတ်ထိုးထားသလို၊ KIA တွင်လည်း ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲ ရေး စာချုပ်ရှိသည်။
အဆိုပါ အပစ်ရပ် ၁၀ ဖွဲ့နှင့် အပစ်မရပ်အဖွဲ့များ လာမည့် နိုဝင်ဘာလတွင် တွေ့ဆုံဆွေးနွေးပြီးနောက် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း သိရသည်။
တိုင်းရင်းသားများဘက်မှ ခွဲမထွက်ရေးကို မတောင်းဆိုခဲ့၍ ဆွေးနွေးစရာ မလိုဟု ယူဆပြီး အစိုးရဘက်က ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေအတိုင်း ပြင်ဆင်ပြောင်းလဲမှု မပြုလိုသည့် သဘောထားများ ရှိသော်လည်း ယခုအခါ နှစ်ဘက် လက်ခံနိုင် သော သက်ဆိုင်ရာ အမြင်များကို စုစည်းကာ တခုတည်းသော သဘောတူညီချက် ရရှိအောင် ပြန်လည် ဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “ဒီနေ့အခါမှာ တော့ ပိုပြီး တိုးတက်လာတာက ဒီကိစ္စတွေကို လုံး၀ မဆွေးနွေးဘူး ဆိုတာလည်း မဟုတ်တော့ဘူး။ နဂိုစာသား အတိုင်း တလုံးမှ အပြောင်းအလဲ မခံဘူးဆိုတာလည်း မဟုတ်တော့ဘူး။ သူ့ဘက် ၊ ကိုယ့်ဘက် Option သုံးခုစီ ယူလိုက်။ စုစုပေါင်း အဲဒီခြောက်ချက် အပေါ်မှာ နှစ်ဘက် ပြန်ညှိပြီး တချက်တည်း ရအောင် ထုတ်နိုင်ဖို့။ ဒါက ပိုပြီး တိုးတက်သွားတယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
ယခုနေပြည်တော် ထိပ်သီး ဆွေးနွေးပွဲတွင် တခုတည်းသော တပ်မတော် ရှိရမည်ဟူသည့် အချက်ကို တိုင်းရင်းသား ခေါင်းဆောင်များဘက်မှ အပြည့်အ၀ လက်ခံကာ ယင်းတပ်မတော် ဖွဲ့စည်းမည့်ပုံစံနှင့် လုပ်ဆောင်မည့် ပုံစံများကို နှစ်ဘက်အမြင်များအပေါ် အခြေခံ၍ ဆက်လက် ညှိနှိုင်းဆွေးနွေးရန် သဘောတူခဲ့ကြောင်းလည်း သိရသည်။
“NCA မှာ ပြဌာန်းထားတာက တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော် ဆိုတာပေါ့။ အဲဒီတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုတာ တခုတည်းသော တပ်မတော် ဖြစ်တယ်။ သို့သော် ဘယ်လို အချက်အလက်တွေနဲ့ ပါဝင်ကြမယ်ဆို တာကတော့ ဆက်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်” ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။
တပ်ကိစ္စနှင့် ပတ်သက်၍ အစိုးရက တိုင်းရင်းသားခေါင်းဆောင်များကို တထိုင်တည်း အဆုံးအဖြတ် ပေးစေလိုသော်လည်း အပစ်ရပ်နှင့် အပစ်မရပ်အဖွဲ့များ စုပေါင်း၍ တိုင်းရင်းသားညီလာခံ ပြုလုပ်ဆွေး နွေးပြီးမှသာ ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ ခြင်းလည်း ဖြစ်သည်ဟု သိရသည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က လည်း “နိုဝင်ဘာလ အလယ်လောက်မှာ လက်မှတ်မထိုး သေးတဲ့ အဖွဲ့တွေနဲ့ စုပေါင်းပြီးတော့ တိုင်းရင်းသား ညီလာခံတခု ကျင်းပမယ်။ အဲဒါပြီးလို့ရှိရင် ပိုပြီးတော့ ခိုင်မာတဲ့၊ ပိုပြီးတော့ ကောင်းမွန်တဲ့ အဖြေပေးနိုင်မှာ ဖြစ်တဲ့အတွက် စောင့်ပေးပါလို့ ကျနော်တို့ မေတ္တာရပ်ခံတာ အစိုးရဘက်က လက်ခံပါတယ်” ဟု ဆိုသည်။
NCA သုံးနှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင်ပြုလုပ်သည့် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲကို အနှစ် သာရရှိသော ရလဒ် ထွက်ပေါ်နိုင်မည့် ခေါင်းဆောင်များ တွေ့ဆုံရန်၊ သဘောတူညီချက် မရသေးသည့် အချက်များကို နိုင်ငံရေး သဘောတူညီ ချက်ဖြင့် ဖြေရှင်းရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေး ကြီးသည့် အခြေခံမူများကို ချမှတ်နိုင် ရန် ရည်ရွယ်ချက်များဖြင့် ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် အချက် ၆ ချက်ပါ သဘောတူညီချက်တွင် NCA လက်မှတ် မထိုးရေး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပိုမိုခိုင်မာ အောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီ ချက်များ အတိုင်း ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရေး၊ NCA အခန်း (၅) နိုင်ငံရေးလမ်းပြ မြေပုံချမှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ရေး တို့ကို ပါဝင်သည်။
ထို့ပြင် ၂၀၂၀ ခုနှစ် မတိုင်မီ ကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံ ၃ ကြိမ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများ ချမှတ်နိုင်ရေး အချိန်ဇယားနှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲ များတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်း လွယ်ကူအောင် ဆောင်ရွက်ရေး တို့ကို အစည်းအဝေးတွင် ဆုံးဖြတ်ထားကြသည်။
လွတ်လပ်ရေးရစ အချိန်က မြန်မာတပ်မတော်ကို ဗမာ၊ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း စသည့် လူမျိုးစုအလိုက် သေနတ်ကိုင် တပ်ရင်းများ ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် လူမျိုးစုအမည်ပေးထားသည့် တပ်ရင်းများကို ဖျက်သိမ်းခဲ့သည်။