ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) မဲဆွယ်ဆိုင်း ဘုတ် ဖျက်ဆီးခံမှုအပေါ် ကျူးလွန်သူအား ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သတင်း ရရှိသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင်၏ မဲဆွယ် ဆိုင်းဘုတ်ကို ရသေ့တောင် မြို့လယ် လမ်းခွဆုံတွင် စိုက်ထူထားရာ အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်တွင် နှစ်ကြိမ်တိုင် ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ရသေ့တောင် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းစိုးက “ကျနော်တို့ ဆိုင်းဘုတ် ဖျက်ဆီးသူကို ရှာဖွေ စုံစမ်းနေပါ တယ်” ဟု ဧရာဝတီ သို့ ပြောဆိုသည်။
မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရမှု အပေါ် မည်သည့် ဥပဒေ ပုဒ်မနှင့် အမှုဖွင့်ထားသည်ကိုမူ မသိရသေး ပေ။
ယင်း မဲဆွယ် ဆိုင်းဘုတ်ကို မသမာသူများက ညဉ့်အချိန်များ၌ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း NLD ပါတီ ကိုယ်စားလှယ် လောင်း ဦးခင်သန်းမောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ပထမ တကြိမ်က ဆိုင်းဘုတ်ကို နုတ်ပြီးတော့ အနီးက ရေကန်ထဲကို ဇောက်ထိုး ချထားပါ တယ်။ နောက်တ ကြိမ် အထက်တန်းကျောင်း ခြံထဲကို ပစ်ချထားခဲ့ကြပါတယ်။ ရက်ဆက်ပဲ လုပ်သွား တာ” ဟု ဆိုသည်။
ထိုသို့ မဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးခံရမှုကို ဦးခင်သန်းမောင်က သက်ဆိုင်ရာ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားထားကြောင်းလည်း သိရသည်။
ခရိုင် ရွေးကောက်ပွဲ အရာရှိ ဦးခင်မောင်ဦးက “အဲဒီ ဆိုင်းဘုတ် ကိစ္စကို မြို့နယ်ကနေ တင်ပြလို့ ကျနော်တို့ သိတယ်။ အဲဒါက ရဲအရေးပိုင်တဲ့ အမှု ဖြစ်ပါတယ်။ ဆိုင်းဘုတ်ကို ဖျက်ဆီးတဲ့ သူက ဘယ်သူပဲ ဖြစ်ဖြစ်၊ အမှုဖွင့် အရေးယူနိုင်အောင် ကျနော်တို့ လုပ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင်မှာ မြန်မာ့စီးပွားရေး ဘဏ်မှ အငြိမ်းစား ကြီးကြပ်ရေးမှူး တဦး ဖြစ်ပြီး၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် NLD ပါတီသို့ ဝင်ရောက်လာသည့် ပါတီဝင် တဦး ဖြစ်သည်။
လက်ရှိ ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အခြေအနေမှာ တဖက်နှင့် တဖက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပြီး ဦးခင်သန်းမောင်မှာလည်း ကျေးရွာပေါင်း ၆၀ ကျော်ကို ကွင်းဆင်း စည်းရုံး ဟောပြောထားပြီး ဖြစ်ကြောင်း သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲ၌ ရသေ့တောင် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများမှာ ရခိုင်အမျိုးသား ပါတီ (ANP) မှ ဦးလှမြင့်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ်(ALD) ပါတီမှ ဦးသိန်းမောင်၊ NLD ပါတီမှ ဦးခင်သန်းမောင်၊ တသီး ပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဒေါက်တာ အေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းတို့ ဖြစ်ကြသည်။
ရသေ့တောင် အမှတ်(၂) မဲဆန္ဒနယ်တွင် လက်ရှိ ပြုစုထားသော စာရင်းအရ မဲဆန္ဒရှင် ပြည်သူ ၅ သောင်းကျော် ရှိပြီး ယင်းမဲဆန္ဒနယ်သည်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ANP မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း အနိုင်ရရှိခဲ့ သည့် နေရာ ဖြစ်ကာ ၎င်းကွယ်လွန်သွားသည့် အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တနေရာ လစ်လပ်သွားခြင်း ဖြစ်သည်။
ထို့အတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင်လည်း အောက်တိုဘာလ ၇ ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ)၏ ကိုယ်စားလှယ်လောင်းများ ပုံပါ မဲဆွယ် စည်းရုံးရေး ဆိုင်းဘုတ်များကို ဖြဲဆုတ်ခြင်း၊ မျက်နှာနေရာ အား ဆေးမည်း သုတ်ကာ ဖျက်ဆီးခြင်းခံရကြောင်း သတင်းရရှိသည်။