သက်တော် ၇၁ နှစ်ရှိပြီဖြစ်သော အများကြည်ညိုလေးစားခံရသည့် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသုဇန ဘွဲ့ခံ မြိုင်ကြီးငူ ဆရာတော်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို ဒကာဒကာမများနှင့် ကရင်ဗုဒ္ဓဘာသာ သံဃာတော်များ ဆွေးနွေးတိုင်ပင်ပြီး နိုဝင်ဘာလ ၂၇ရက်နေ့တွင် မီးသြင်္ဂိုလ် ရန် ဆုံးဖြတ်ခဲ့သည်။
ကရင်ပြည်နယ် သာသနာရေးဝန်ကြီး မင်းတင်ဝင်းက “လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဒီနေ့ပဲကျင်းပပြီး ရုပ်ကလာပ်ကို ၄၅ ရက် အပူဇော်ခံထားဖို့ ဆုံးဖြတ် လိုက် တယ်” ဟု ထိုအစည်းအဝေး တက်ရောက်ခဲ့သော ဧရာဝတီ သတင်းဌာနသို့ ပြော သည်။
ဆရာတော်မှာ အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆေးရုံတရုံတွင် ပျံလွန်တော်မူ၍ ကျန်သည့် ရုပ်ကလာပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ လေကြောင်းမှ သယ်ယူပြီးနောက် မြိုင်ကြီးငူသို့ ဆက်လက်သယ်ယူခဲ့ ခြင်းဖြစ်သည်။
မပျံလွန်မီက အဆုတ်ဝေဒနာ ခံစားနေရပြီး နှစ်အတန်ကြာမျှ အသက်ရှူကျပ်နေသော ဆရာတော်သည် ကြွရောက်သော နေရာတိုင်းသို့ အောက်ဆီဂျင်ဘူး ယူဆောင်ကြွရောက် ရသည်။ ယခု မပျံလွန်မီ ဆေးရုံတွင် ၁၀ လ ကြာမျှ တက်ရောက် ကုသမှု ခံယူခဲ့ရသည်။
ဆရာတော်၏ အန္တိမဈာပနအတွက် ပြည်နယ်အစိုးရက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ငွေတချို့လှူဒါန်းခဲ့သော်လည်း ဆရာတော်၏ ဒကာ ဒကာမ များကသာ ဘုန်းကြီးပျံပွဲကို လွတ်လွတ်လပ်လပ် ကျင်းပမည်ဖြစ်ကြောင်းလည်း ကရင်ပြည်နယ် သာသနာရေးဝန်ကြီး မင်းတင်ဝင်းက ပြောသည်။
“ဆရာတော်ရဲ့ ဒကာဒကာမတွေက အစိုးရရဲ့ အကူအညီကို တောင်းခံတာ မရှိဘူး။ သူတို့ဘာသာ လုပ်ကိုင်ကြ မယ်” ဟု ၎င်းကဆိုသည်။
ဆရာတော်သည် ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာတပ်မတော် (DKBA) ၏ နာယကဆရာတော်လည်း ဖြစ်သည်။ DKBA သည် ခရစ်ယာန် လွှမ်းမိုးသော ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၁၉၉၄ ခုနှစ်က ခွဲထွက်ခဲ့သော ဗုဒ္ဓဘာသာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ ပျံလွန်တော်မူသည်အထိ ဆရာတော်သည် DKBA နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အပေါ် အလွန် သြဇာကြီးမားသူဖြစ်သည်။
ဆရာတော်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ဝင်းများ အတွင်းတွင် ဘုရားတည်ရန် ဒကာဒကာမများကို ညွှန်ကြားပြီး ကရင်ပြည်နယ်တွင် ဘာသာရေး တင်းမာမှုများကို မီးမွှေးပေးခဲ့သည်။
ဆရာတော်သည် ဘာသာရေးလုပ်ဆောင်စဉ် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု လူအများက ယုံကြည်ကြောင်း ယခုရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တွင် အခြေစိုက်နေသည့် DKBA ဗိုလ်မှူးကြီး စောဆန်းအောင်၏ အဆိုအရ သိရသည်။
ဆရာတော်သည် စစ်ဒဏ်မှ တိမ်းရှောင်နေသည့် ကရင်တိုင်းရင်းသား ထောင်ပေါင်းများစွာကို ကူညီခဲ့သည့် သူတော် ကောင်း ဖြစ်ကြောင်း သစ်တပင်ကောင်း ငှက်တသောင်း နားနိုင်သည်ကို ဥပမာပေးပြီး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
တိုင်းရင်းသားနှင့် နိုင်ငံရေး ပြဿနာများသည် ကရင်တိုင်းရင်းသား အားလုံးနှင့် ပတ်သက်နေကြောင်း ဆရာတော်က ဗိုလ်မှူးကြီးစောဆန်းအောင်ကို အမြဲပြောခဲ့ကြောင်း သိရသည်။ ဆရာတော်သည် သံဃာတော်တပါး ဖြစ်သောကြောင့် ဆရာတော်၏အလုပ်မှာ ဘာသာရေးအတွက် လုပ်ဆောင်ရန်ဖြစ်သည်ဟု သူက ဆက်ပြောသည်။
ဆရာတော်သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအပေါ် သြဇာကျင့်သုံးခြင်း မရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းများ၊ ဘုရားစေတီများနှင့် ဘုန်ကြီးကျောင်းများ တည်ဆောက်ခြင်းတို့ကိုသာ လုပ်ကိုင်ကြောင်း ဗိုလ်မှူး စောဆန်းအောင်က ဆိုသည်။
ဆရာတော်သည် တိုက်ပွဲများကြောင့် ထွက်ပြေးလာရသော စစ်ဘေးရှောင် များကိုလည်း ကူညီသည်။ ဆရာတော် ၏ကျောင်းတွင် စစ်ဘေးရှောင် စခန်းဖွင့်ထားပြီး ကရင်စစ်ဘေးရှောင် များကို စောင့်ရှောက် ထားသည်ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၆ ခုနှစ်က မြိုင်ကြီးငူအနီး မဲသဝေါတွင် DKBA နှင့် BGF တို့အကြား တိုက်ပွဲများဖြစ်ပွားသည်ကို ဆရာတော်က ရှုတ်ချပြီး သွေးမြေကျသည်ကို မမြင်လိုကြောင်း မိန့်သည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။
ဆရာတော်သည် မြိုင်ကြီးငူတွင် မြေအများအပြား ပိုင်ဆိုင်ပြီး ထိုမြေများတွင် စစ်ဘေးရှောင်များ အိမ်ဆောက် နေထိုင် စေသည်။ မြိုင်ကြီးငူသည် သေးငယ်သော စစ်ဘေးရှောင်ကျေးရွာလေး အဖြစ်မှ ယခုအခါတွင် မြို့တမြို့ကဲ့သို့ ဖြစ်လာ သည်။
ဆရာတော်ကို မြိုင်ကြီးငူတွင် လွန်စွာကြည်ညိုလေးစားကြပြီး သူ့ကို နမူနာယူကာ မြိုင်ကြီးငူတွင် အသားစားခြင်းကို ပိတ်ပင်ထား၍ ပြည်သူများသည် သားသတ်လွတ်ကိုသာ စားကြသည်။ ထိုမြို့ရှိ အိမ် အများအပြားတွင် ဆရာတော်၏ ဓာတ်ပုံကို ချိတ်ဆွဲထားကြပြီး ဆရာတော် တည်ခဲ့သော ဘုရားများတွင် ဆရာတော်၏ ပုံတူပန်းချီကားများ ချိတ်ဆွဲထားသည်။
ဆရာတော်သည် မြိုင်ကြီးငူနှင့် ထိုင်း-မြန်မာ နယ်စပ်အကြား လမ်းတလျှောက်တွင် စေတီငယ်များကို ရာနှင့်ချီ တည်ခဲ့ သည်။ ဆရာတော်သည် ထိုင်းမြန်မာနယ်စပ် သံလွင်မြစ်ကမ်းတွင်လည်း စေတီ အများအပြားတည်ခဲ့သည်။
တောင်တန်းဒေသတွင် နေထိုင်သူများ အားလုံးထံသို့ ဗုဒ္ဓဘာသာ ပျံ့နှံ့အောင် ဆောင်ရွက်သည့် ဆရာတော်၏ လုပ်ငန်း အဖြစ် ကယားပြည်နယ်တွင်လည်း ဘုန်းကြီးကျောင်း တကျောင်း တည်ဆောက်ခဲ့သည်။
KNU အဖွဲ့မကွဲမီက ဆရာတော်သည် KNU ဌာနချုပ်ဟောင်း တည်ရှိသော မာနယ်ပလော တောင်ပေါ်တွင် စေတီတဆူ တည်ခဲ့သည်။ သို့သော် ထိုစဉ်က KNU အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘိုမြက ရန်သူများ ပစ်မှတ်ရှာရန် လွယ်ကူမည် စိုးသောကြောင့် ထိုစေတီကို ထုံးသင်္ကန်းမကပ်ရန် ဆရာတော်ကို သတိပေးခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် KNU အတွင်း ပထမဆုံး ပဋိပက္ခဖြစ်လာပြီး နောက်ဆုံးတွင် အဖွဲ့ကွဲထွက်စေခဲ့သည်။
ခရစ်ယာန် KNU တပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်များအကြားတွင် မညီမျှသော ဆက်ဆံရေးရှိသည်ဟု ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်များက ခံစားခဲ့ကြသည်။ ဆရာတော်သည် KNU မှ ခွဲထွက်ပြီး DKBA အဖွဲ့ကို ခွဲထူထောင်ရန် လှုံ့ဆော်သောအခါ ဆရာတော်နှင့် တပ်မတော်အကြား အဆက်အသွယ် ရှိသည်ဟူသည့် ကောလာဟလ သတင်းများ ထွက်လာခဲ့သည်။
DKBA နှင့် တပ်မတော်အကြား အဆက်အစပ် ရှိသည်ဟု ဗိုလ်ချုပ်ကြီး ဘိုမြနှင့် တခြား KNU ခေါင်းဆောင် များက သံသယရှိခဲ့ကြပြီး ၁၉၉၅ ခုနှစ်တွင် KNU ဌာနချုပ် ဖြစ်သော မာနယ်ပလောကို တပ်မတော်နှင့် DKBA တို့ ပူးပေါင်း တိုက်ခိုက်သောအခါ ထိုသံသယသည် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။
မာနယ်ပလောသည် ယခင်က မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုဝေးပြီး တပ်မတော်ကို တိုက်ခိုက်ရန် တိုင်ပင်ဆွေးနွေးသော နေရာဖြစ်ခဲ့သည်။
ဧရာဝတီအင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် လဝီဝမ်ရေးသည့် Death of the Controversial Myaing Gyi Ngu Monk ကို ဆီလျော်အောင် ဘာသာပြန်သည်။