ရှမ်းပြည်နယ် မူဆယ်မြို့နယ် ဆင်ဖြူဈေး ကော်မတီရုံးခန်း တည်ဆောက်နေမှုအား တရုတ် လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လာရောက် တားမြစ်ခဲ့ကြောင်း မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြောသည်။
ယနေ့ နံနက် ၈ နာရီခန့်က မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်ရှိ အဆိုပါဈေး ကော်မတီရုံးခန်း တည်ဆောက်မှုအား တရုတ် နယ်ခြားစောင့်တပ် လက်နက်ကိုင်များနှင့် တရုတ် နယ်မြေခံရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က လာရောက် တားမြစ်ကြခြင်း ဖြစ်ကြောင်း မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒု မြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်ကျော်မိုးက ပြောပြသည်။
ဦးအောင်ကျော်မိုးက“အခြေအနေကတော့ သူတို့ဘက်ကနေ သူတို့မြေပါတယ် ထင်ပြီး လာကန့်ကွက်တဲ့သဘောပါပဲ။ လက်ရှိ ကတော့ ကျနော်တို့နယ်မြေပါပဲ။ ကြားထဲမှာလည်း ချောင်းတချောင်းက ခြားထားပြီးသား ရှိပါတယ်၊ ဒါကို သူတို့ ပိုင်လို့ ထင် နေရင် အတိအကျ သိချင်ရင်တော့ နိုင်ငံခြားရေးနဲ့ ပြန်တိုင်းမှ ရမှာပေါ့။ လက်ရှိမြေပြင်မှာတော့ ကျနော်တို့ မြေလို့ သိထားပါ တယ်။ ဒါကို သူတို့မြေပေါ်မှာ ဆောက်တယ်ထင်ပြီး လာကန့်ကွက်ကြတာပါ။ အဲဒီလို လာကန့်ကွက် တဲ့ အချိန်မှာတော့ ဆင်ဖြူဈေး ကော်မတီနဲ့ပဲ တွေ့တာပါ၊ ဈေးကော်မတီကလည်း အခုလို နှုတ်နဲ့လာပြီး ကန့်ကွက်လို့ မရဘူး၊ စာနဲ့ တရားဝင် ကန့်ကွက်ပါဆိုပြီး ပြောလိုက်လို့ သူတို့လည်း ပြန်သွားကြပါတယ်။ အဲဒီလိုလာတဲ့အချိန်မှာ သူတို့ ဘက်က ပတ်လမ်းမှာတော့ တင့်ကား ၃စီး ပါလာတာ ရှိတယ်”ဟု ဧရာဝတီကို ပြောသည်။
တည်ဆောက်နေသော ဈေးကော်မတီရုံးခန်းမှာ အကျယ်အဝန်း ပေ ၂၀ × ၃၃ ပေ အကျယ်ရှိ တထပ် အဆောက် အအုံ အမျိုးအစားဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အငြင်းပွားဖွယ်ရာ နေရာအနီး ဖြစ်နေသည့် အတွက်ကြောင့်ဟု လည်း ၎င်းက ပြောပြသည်။
လက်ရှိတွင် ဈေးကော်မတီရုံးခန်း တည်ဆောက်မှုကို ရပ်ဆိုင်းထားပြီး တရုတ်လက်နက်ကိုင်များ ဝင်ရောက်ဟန့်တားမှု အခြေအနေကို ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဖြစ်သည်ဟု ဆိုသည်။
ဦးအောင်ကျော်မိုးက“ဆောက်နေတဲ့ ဆင်ဖြုဈေး ကော်မတီရုံး အဆောက်အအုံကို ရပ်နားထားပါတယ်။ ကျနော်တို့က နေ အဆင့်ဆင့် တင်ပြထားပြီးတော့ အခုဆိုရင် ပြည်ထောင်စုအဆင့်အထိ ရောက်သွားပါပြီ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘက်က ကန့်ကွက်စာတွေ ထုတ်ပြန်သွားဖို့ လုပ်နေပါတယ်၊ သူတို့အနေနဲ့ ပုံမှန်အတိုင်း လာတာက ပြဿနာ မရှိပေမယ့် လက်နက်ကိုင်အဖွဲ့တွေ ပါလာတာကြောင့် နှစ်နိုင်ငံ သဘောတူညီချက်တွေအရ လက်နက်ကိုင် ဆောင်ပြီး ဝင်လို့ မရဘူးလေ။ ဒါကြောင့် ဒီအပေါ်မှာ အပြင်းအထန် ကန့်ကွက်ပါတယ် ဆိုပြီး ကန့်ကွက်စာ ပို့သွားမှာပါ၊ မြို့နယ်အဆင့် နယ်စပ် အာဏာပိုင် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒီနေ့ပဲ ပို့သွားမှာပါ”ဟုလည်း ပြောဆိုသည်။
မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း ကလည်း ယခု ကိစ္စသည် ပြည်ထောင်စု အစိုးရ အဆင့်က ဆောင်ရွက်ရမည် ဖြစ်ပြီး လိုအပ်သည်များကို ကူညီလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။
“ကန့်ကွက်တဲ့နေရာမှာ လက်နက်ကိုင်ပြီး ဝင်လာတဲ့ အနေအထား ဖြစ်တယ်ပေါ့။ ဒါကို ကျနော်တို့ မြေပြင်မှာ နှစ်နိုင်ငံ ဆက်သွယ်မှု အနေအထားနဲ့လည်း ကန့်ကွက်တယ်။ နောက်ပြီး ဒီကိစ္စက ကျနော်တို့ ပြည်နယ်လွှတ်တော်ရဲ့ လုပ်ရ မယ့် တာဝန်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ပြည်ထောင်စုအဆင့်က လုပ်ရမှာဖြစ်တော့ လိုအပ်တာကိုတော့ ကူညီ လုပ် ဆောင်ပေးသွားဖို့ပဲ ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းနေရာအား လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တရုတ်နိုင်ငံဘက်အခြမ်းမှ အလှပန်းပင်များဖြင့် စိုက်ပျိုးကာရံထားပြီး ယခု ကဲ့ သို့ တရုတ်တပ်သားများက လက်နက်ကိုင်၍ မြန်မာဘက်အခြမ်းသို့ ဝင်ရောက်လာသည့် ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ ကြောင်း သိရသည်။
မူဆယ်ဒေသခံ တဦးဖြစ်သူ ဦးစိုင်းခင်မောင်က“အဆောက်အအုံ ဆောက်လို့ လာကန့်ကွက်တဲ့ ပုံစံလားတော့ သေချာ မသိဘူး။ ဒါပေမယ့် သူတို့ နိုင်ငံ တပ်ဖွဲ့ဝင်တွေက လက်နက်ကိုင်ပြီး ဝင်လာတော့ ကိုယ့်နိုင်ငံ အချုပ်အခြာ စော်ကား သလို ဖြစ် တယ်လေ”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့နှင့် ၆ မိုင်ခန့်အကွာရှိ ဖိုင်ကောင်း ကျေးရွာ အုပ်စုအတွင်း လုံခြုံရေးဝတ်စုံဝတ် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက်မှု ဖြစ်ပွားခဲ့သေးသည်။
ထို တရုတ် တပ်ဖွဲ့ဝင်များက မြန်မာပိုင် နယ်နိမိတ်အတွင်း ဖြတ်ကျော်ကာ နယ်စပ်ဖြတ်ကူးသည့် လမ်းကို ပိတ်ဆို့၍ တံတိုင်းဆောက်ရန် လုပ်ဆောင်ခဲ့သည့် အတွက် မြန်မာဘက်က ကန့်ကွက်ခဲ့သည်။
၂၀၁၄ ခုနှစ်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွင်းရှိ လယ်မြေ ဧက ၇၀ ခန့်အား တရုတ် လုံခြုံရေး တပ်ဖွဲ့ဝင်များက တိုင်စိုက်ကာ ၎င်းတို့ ပိုင်ဆိုင်သည်ဟုဆိုကာ ဝင်ရောက် သတ်မှတ်ခဲ့ဖူးသည်။
ဒေသခံများက ကန့်ကွက် ဆန္ဒပြခဲ့ကြသည့်အတွက် နောက်ပိုင်းတွင် အစိုးရချင်း ညှိနှိုင်း ဖြေရှင်းပေးခဲ့ရသည်။
ဧရာဝတီ သတင်းထောက် ဒီလှိုင်းဝင်း နှင့် မြတ်ပြည့်ဖြိုး ပူးပေါင်း ရေးသားထားသည်။