သတင်း

တိုင်းပြည် အခြေအနေ “မှုန်ဝါးဝါး” ဖြစ်နေဟု ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ပြော

Want create site? Find Free WordPress Themes and plugins.

တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး အခြေအနေများ အားလုံး မှုန်ဝါးဝါး အခြေအနေတွင် ရှိနေ သည် ဟု ပြောနိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲနှင့် လူထု တွေ့ဆုံပွဲသို့ တက် ရောက်လာသူ ဦးသန်းဌေး၏ တိုက်ရိုက် ထုတ်လွှင့်ချက်တွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဦးသန်းဌေးက“ဒါကြောင့် အဲဒီ ပြည်သူတွေ အတွက် ရှင်းလင်း၊ ပြတ်သားတဲ့ မနက်ဖြန်များစွာနဲ့ ကြည်လင်၊ တောက်ပ တဲ့ အနာဂတ်ကို ပြည်ခိုင်ဖြိုး ပါတီက ဖန်တီးပေးလို့ ရပါတယ်။ အာဏာရဖို့ ဖြတ်လမ်းကနေ ပြီးတော့ ယူဖို့လည်း ကျနော် တို့ မကြိုးစားပါဘူး။ အစွဲအလမ်း ကင်းကင်းနဲ့ လူမျိုးစွဲ မရှိပါနဲ့။ ပုဂ္ဂိုလ် ကိုးကွယ်ရေး မလိုပါ။ ကိုယ့်အနာဂတ်၊ ကိုယ့်ရှေ့ရေး အတွက် ဘယ်သူနဲ့ ပေါင်းရင် ကောင်းမလဲ ဆိုတာ လွတ်လပ်စွာ ဆုံးဖြတ်ပါ”ဟု ပြောသည်။

ကြံ့ခိုင်ရေး အစိုးရ လက်ထက်က ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခက်အခဲ၊ အကြပ်အတည်းများ ဝိုင်းဝန်း ဖန်တီးနေသည့်ကြားမှ ယနေ့ အခြေအနေထက် သာလွန်သည့် အခြေအနေ တရပ် အထိ တွန်းတင်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ ၂ နှစ်ခွဲကာလ ပြုပြင်ပြောင်းလဲမှုများကို ထင်သလောက် အား မရ သော်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းမဆို ကောင်း တာများ လုပ်ပါက အကောင်းမြင်သင့်ကြောင်း NLD လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးနေမျိုးထွန်းက ပြော သည်။

“ကျနော်တို့ ခေါင်းဆောင်တွေ ဖြစ်တဲ့ သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဲဒီ ၂ ယောက်လောက်က ဘာ ကိုယ်ကျိုးစီးပွားမှ မကြည့်ဘဲနဲ့ သူတို့ ဆောင်ရွက်နေကြတာလေ။ သူတို့ တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်နေ တယ်။ အားရလား ဆိုတော့ အားတော့ မရဘူးပေါ့။ အားမရဘူး ဆိုတာ ပြုပြင်ပြောင်းလဲမှု တိုးတက်မှု အခြေအနေကို ပြောတာ”ဟု ထန်းတပင်မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။

တပ်မတော် ခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် ကြံ့ခိုင်ရေး ပါတီသည် မူလက လူမှုရေး အသင်းအဖွဲ့အနေဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ပါတီ အဖြစ် အသွင်ပြောင်းလဲကာ ရွေးကောက်ပွဲ ဝင်ခဲ့ရာ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ အာဏာ ရယူခဲ့သည့် ပါတီ ဖြစ်သည်။

၁၉၈၈ ဒီမိုကရေစီ လူထု အရေးတော်ပုံကြီး ပြီးနောက် အာဏာရရှိခဲ့သူ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဦးဆောင် ရေးဆွဲခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာ ရရှိထားသည့် ကြံ့ခိုင်ရေး ပါတီသည် ထိုစဉ်က အတိုက်အခံ ပါတီ ဖြစ်သူ NLD ပါတီအား မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုအခါ နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ နှင့် ၂၀၂၀ ရွေးကောက်ပွဲ တို့တွင် ပြန်လည် အနိုင်ရရှိရန် ကြိုးစားလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading