လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ပြန်လည်ကုစား ပေးလျော်မှု ပြုလုပ်ခြင်းက အမျိုးသား ပြန်လည် သင့်မြတ် ရေး ကို အထောက်အကူ ဖြစ်စေသည်ဟု ပြည်သူ့ ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး က ပြောသည်။
ရန်ကုန်မြို့ KAFE IN TOWN ဆိုင်၌ အောက်တိုဘာလ ၁၆ ရက်က ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခု တွင် ၁၉၇၀ မှ ၂၀၁၇ အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို စိစစ် သုံးသပ်ပြီး မြန်မာနိုင်ငံရှိ ခံစား နစ်နာသူများ၏ လိုအပ်ချက်များကို ဆန်းစစ် တင်ပြထားသည့် အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောခြင်း ဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ကာလတွင် လူ့အခွင့်အရေးကြောင့် နစ်နာ ခံစားရသူများနှင့် ၎င်းတို့၏ မိသားစု များ တရားမျှတမှု ရယူနိုင်ရေး အတွက် ပြည်သူများ ခံစားနေခဲ့ရမှုများကို မှန်ကန်သော မှတ်တမ်းတခု ထားရှိ အသုံးပြု နိုင်ရန် ရည်ရွယ်ပြီး လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) ND-Burma အဖွဲ့က “ဥပေက္ခာ မပြုကောင်း သော ဘဝများ” အစီရင်ခံစာ တခုကို ထုတ်ပြန်လိုက် သည်။
ဦးကိုကိုကြီးက “ရည်ရွယ်ချက်က နောက်နောင် ကျနော်တို့ သားသမီးတွေ ဒါမျိုးတွေ မဖြစ်တော့ဘူး။ မဖြစ်အောင် ဘယ်လို အကာ အကွယ်ပေးမလဲ။ အကာအကွယ်ပေးမယ့် ယန္တရားတွေ တည်ဆောက်မလဲ၊ ဖြစ်လာရင် ဘယ်လို ကုစားမလဲ ဆို တာတွေကို ကျနော်တို့ ကြိုးပမ်းခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပို၍ အထောက်အကူ ဖြစ်စေတယ်လို့ မြင် ပါတယ်”ဟု ပြောသည်။
အစီရင်ခံစာ ထုတ်ပြန်ခြင်းကြောင့် ရရှိလာမည့် အကျိုးရလဒ်နှင့် ပတ်သက်၍ ပြန်လည် ကုစားပေးလျော်မှု အလုပ် အဖွဲ့၊ အဖွဲ့ဝင် ဦးတိတ်နိုင်က“နိုင်ငံတကာက ဖိအားတွေ ဒီလောက်ကြီးနေတဲ့ အချိန်မျိုးမှာ အစိုးရ ကိုယ်နှိုက်က ဒီကိစ္စတွေ ကို လုပ်ပေးနိုင်တယ်။ ပထမဆုံး အသိအမှတ် ပြုတယ်။ ဝန်ခံတယ်။ တောင်းပန်တယ် ဆိုတဲ့ အဆင့် နောက်တခါ ပြန်လည် ထူထောင်ရေး လုပ်ပေးတယ်ဆိုတဲ့ အဆင့်မျိုး လုပ်လာနိုင်တယ် ဆိုရင် အခု ခံစားနေရတဲ့ နိုင်ငံတကာက ဖိအားတွေကို တစုံတရာ ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။
ယင်းအစီရင်ခံစာကို ၂၀၁၆ -၂၀၁၇ ခုနှစ်အတွင်း၌ လူဦးရေ ၁၇၀ ကို တွေ့ဆုံ မေးမြန်းခဲ့ပြီး ကျူးလွန်ခံခဲ့ရသူများကို စစ်ဖြစ် ပွားသည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူများ၊ နိုင်ငံရေး အကျဉ်းသားများနှင့် မြေယာ သိမ်းဆည်းခံရမှု ကြောင့် ဒုက္ခရောက်ခဲ့ရသော သူများ ဟူ၍ ၃ ပိုင်း ပိုင်းထားပြီး တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ထား ခြင်း ဖြစ်သည်။
အစီရင်ခံစာကို ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်၊ တနသာၤရီတိုင်း၊ ကချင်၊ ရှမ်း၊ မွန်၊ ကရင် စသည့် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ ကျူးလွန်ခံရသူတွေကို တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။
ထို့သို့ တွေ့ဆုံရာတွင် ဖြေကြားကြသူများက ၎င်းတို့၏ မိသားစုဝင်များသည် မတရား ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်း နှိပ်စက် ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပျောက်ဆုံးခြင်း၊ အဓမ္မပြုကျင့် ခံရခြင်း၊ အတင်းအကျပ် ပြောင်းရွှေ့ခံရခြင်းနှင့် မတရားအခွန် ကောက်ခံရခြင်းတို့ အပါအဝင် လူ့အခွင့်ရေး ချိုးဖောက်မှုများကို ကြုံတွေ့ခံစားကြရသည်ဟု ပြောဆို ကြကြောင်း သိရသည်။
လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်က စုဆောင်းထားသည့် အမှု ၆ ထောင်ကျော်တွင် ပဋိပက္ခကြောင့် ခံစား နစ်နာခဲ့ရ သူများနှင့် ဆက်စပ်သော အမှု ဖြစ်ရပ် ၈၅ မှု၊ မြေယာ သိမ်းဆည်းမှုဖြင့် ခံစားရသူများနှင့် ဆက်စပ်သော ပြစ်မှု ဖြစ်ရပ် ၁၃ မှု၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် ပတ်သက်သော အမှုဖြစ်ရပ် ၁၃ မှု ရှိသည်။
အမှုဖြစ်ရပ် ၉၅ ခု၌ ၈၅ ရာခိုင်နှုန်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့များက ကျူးလွန်ခြင်း ဖြစ်ပြီး အမှုဖြစ်ရပ် ၁၂ ရာခိုင်နှုန်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြုလုပ်ခြင်း ဖြစ် သကဲ့သို့ အမှု ဖြစ်ရပ် ၃ ရာခိုင်နှုန်းသည် အမည်မသိသော ကျူးလွန်သူများက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးတိတ်နိုင် က ရှင်းလင်း ပြောဆိုသည်။
အဆိုပါ အမှုဖြစ်ရပ်များ၏ နစ်နာခံစားရသူများက ၎င်းတို့ ခံစားခဲ့ရသော ချိုးဖောက်မှုများ၏ သက်ရောက်မှုများ ပြေပျောက် စေရန်နှင့် အစိုးရ သို့မဟုတ် ကျူးလွန်သူများမှ လုပ်ဆောင်မှု တစုံတရာ ကြိုးပမ်းပေးရန် ဖွင့်ဟ ပြောဆို မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံ မဖြစ်ပွားစေရန် ကာကွယ် စောင့်ရှောက်မှုများနှင့် အာမခံ ချက် ရရှိစေရန် တောင်း ဆိုမှုများလည်း ဖော်ပြထားသည်။
တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် အများဆုံး ပြောကြားကြသည့် အချက်များနှင့် ပတ်သက်ပြီး ဦးတိတ်နိုင်က“အဓိက က တော့ သူတို့ ခံစားခဲ့ရသလို အနာဂတ်မှာ သူတို့လည်း မခံစားချင်ဘူး။ တခြားသူတွေလည်း မခံစားစေချင်ဘူး။ အဲ့ဒီ အတွက် အာမခံချက်မျိုး လိုချင်တယ်”ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “နောက်ပြီး လယ်ယာမြေ အပါအဝင် ပစ္စည်းဥစ္စာ ဆုံးရှုံးသွားတဲ့ သူတွေ အတွက် သူတို့ ဘဝ ပြန် လည် တည်ဆောက်ရေး အတွက် လယ်ယာတွေ ပစ္စည်းဥစ္စာတွေ ပြန်လိုချင်တယ်။ နောက်တခုက သူတို့ မိသားစုဝင် တွေ ပျောက်ဆုံးသွားတဲ့ သေဆုံးသွားသူတွေကို ကောင်းကောင်းမွန်မွန် သဂြိုဟ်နိုင်ဖို့အတွက် ဖြစ်တယ်။ နောက် ကျူးလွန် တဲ့ သူတွေက သူတို့ အပေါ် တောင်းပန်မယ်။ သူတို့ ကျူးလွန်ခံခဲ့ရသူတွေကို အသိအမှတ်ပြုဖို့ ပြောပါတယ်” ဟု ပြောသည်။
ယင်း အစီရင်ခံစာကို လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) ND-Burma နှင့် အခြား အရပ်ဘက် အဖွဲ့ အစည်းများ စုဖွဲ့ထားသည့် ပြန်လည် ကုစားပေးလျော်မှု အလုပ်အဖွဲ့တို့က စုစည်း တင်ပြထားခြင်း ဖြစ်သည်။
ထိုအဖွဲ့သည် အစိုးရက တာဝန်ယူ ဆောင်ရွက်သည့် ပြန်လည် ကုစားပေးလျော်မှု လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် စည်းရုံး လှုံ့ဆော်လျက် ရှိကြောင်း သိရသည်။